အင်စတာဂရမ်အအောင်မြင်ဆုံးအဖြစ် ရော်နယ်ဒို ရပ်တည်

မန်ယူတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ အအောင်မြင်ဆုံး ဘောလုံးသမား အဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်မယ့်ကစားသမားတွေထဲ ပရိသတ်အပေါ် အလွှမ်းမိုးနိုင်ဆုံးကစားသမားစာရင်းမှာ ရော်နယ်ဒိုဟာ မက်ဆီ၊ နေမာ နဲ့ အမ်ဘာပီ တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

နီလ်ဆန်စပို့တ်ရဲ့ စစ်တမ်းအရ ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ပြီးခဲ့တဲ့ရာသီကထက် ဖော်လိုဝါအရေအတွက် ၄၇ ရာနှုန်းအထိ တိုးတက်လာခဲ့သလို ပို့စ်တစ်ခုချင်းစီရဲ့ ပျမ်းမျှတန်ဖိုးဟာလည်း ဒေါ်လာ ၃ သန်းခွဲကျော် ရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအနေနဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါအရေအတွက် သန်း ၄၈၀ အထိ ရှိနေပြီး ပြိုင်ဘက်ဖြစ်သူ မက်ဆီကတော့ သန်း ၃၆၀ ဝန်းကျင်သာ ရှိနေတာပါ။

ရော်နယ်ဒိုရဲ့ မန်ယူအသင်းဖော် ဆန်ချိုဟာလည်း အင်စတာဂရမ်မှာ ဖော်လိုဝါ အများဆုံး အင်္ဂလန် ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ချက် နဲ့ စပိန် အသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်နေတာ ဖြစ်ပါတယ်။