ကော်ဖီပါ ဖျော်ပေးမယ့် နှိုးစက်နာရီ

ကော်ဖီနံ့မွှေးမွှေးလေးနဲ့ အိပ်ယာကနေနိုးလာရင် အရမ်းကို ချစ်ဖို့ကောင်းတဲ့ မနက်ခင်းလေးဖြစ်မှာပါ။ ဒါပေမဲ့ အများအားဖြင့် လူတော်တော်များများက ညဥ့်နက်တဲ့အထိ အလုပ်တွေနဲ့ရှုပ်နေပြီး အလုပ်သွားချိန်နဲ့ ချိန်ကိုက်ပြီးမှ အိပ်ယာထတတ်သူတွေ ဖြစ်ပါတယ်။ ကော်ဖီနှပ်ထားဖို့အတွက် စောစောထရဦးမယ်ဆိုရင်တော့ အိပ်ချိန်လေးကို အလုအယက်ယူနေရတဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး။  အိပ်ယာလည်းနောက်ကျမှထချင် နိုးနိုးချင်းလည်း ကော်ဖီလေး တစ်ခွက်လောက်သောက်ချင်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။

Joshua Renouf  တီထွင်လိုက်တဲ့ ကော်ဖီနှိုးစက်လေးက ကိုယ်အိပ်ယာနိုးလာတာနဲ့ ကော်ဖီပူပူလေးတစ်ခွက်ကို အသင့်ရစေမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ ဒီစက်ကို အမြောက်အမြားထုတ်ဖို့ ပြုလုပ်နေဆဲဖြစ်ပေမဲ့ Renouf ရဲ့ ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူ စာရင်းပေးလို့ရနေပြီလို့ ဆိုပါတယ်။ တန်ဖိုးကတော့ ဒ်ါလာ ၃၀၀ ကနေ ၃၈၀ အတွင်းကျသင့်မှာဖြစ်ပါတယ်။

ကော်ဖီနှိုးစက်ကို သစ်သားရယ်၊ စတီးရယ်၊ ဖန်ပြွန်လေးတွေရယ်နဲ့ ပြုလုပ်ထားပြီး အသင့်ပါတဲ့ ကော်ဖီခွက်ထဲကို နှပ်ထားတဲ့ကော်ဖီတွေ အဆင်သင့် ရောက်ရှိနေစေအောင် ပြုလုပ်ထားပါတယ်။ သင်က နှိုးစက်နှိုးနှိုးချင်း မထ တတ်ဘဲ ပြန်မှိန်းနေပြီး နောက်တစ်ကြိမ်မြည်မှထတတ်တဲ့သူဆိုရင် နှိုးစက်မြည်ပြီး မိနစ် ၃၀ အကြာမှ ကော်ဖီ စနှပ်အောင် ပြုလုပ်ထားနိုင်ပါတယ်။ ဒါမှမဟုတ် နှိုးစက်မြည်တာနဲ့ ထတတ်ပြီး နိုးနိုးချင်း ကော်ဖီပူပူလေး သောက် ချင်တယ်ဆိုရင်လည်း နှိုးစက်မမြည်ခင် ၅ မိနစ်အလိုမှာ ကော်ဖီစနှပ်ထားဖို့ သတ်မှတ်ထားပေးလို့ ရပါတယ်။

သင့်အနေနဲ့ ညဘက်မှာလုပ်ထားဖို့လိုတာက ကော်ဖီဖျော်စက်ထဲကို ရေရယ်၊ ကော်ဖီမှုန့်ရယ်၊ နွားနို့ရယ်ကို သူ့သတ်မှတ်ထားတဲ့ခွက်လေးတွေထဲကို ထည့်ပေးထားရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မနက်နိုးတဲ့အချိန်လေးမှာ ကော်ဖီပူပူလေးတစ်ခွက်က ကိုယ့်ကိုစောင့်နေမှာဖြစ်ပါတယ်။ Renouf  က စက်ကလေးကို အားသွင်းနိုင်မယ့် USB အပေါက်တစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။

Ref:redbookmag