နေရောင်ခြည်စွမ်းအင်သုံး LunaR စမတ်နာရီ

ယနေ့ခေတ်စမတ်နာရီတွေဟာ ပိုပြီးသပ်ရပ်တဲ့ အရာတွေ ပြုလုပ်နိုင်သလို လွတ်လပ်လာပါတယ်။ ကြိုးမဲ့ feature တချို့ ပါဝင်လာတာကြောင့် စမတ်ဖုန်းနဲ့တွဲသုံးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ဘက်ထရီသက်တမ်းနဲ့ အားသွင်းစနစ်ကတော့ အားနည်းချက်တွေ ရှိနေတုန်းပါ။

အဲဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလာတဲ့ နေရောင်ခြည် စွမ်းအင်သုံးပြီး အားသွင်းနိုင်မယ့် LunaR အမည်ရ စမတ်နာရီ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် cable သုံးပြီး110mAh ဘက်ထရီကိုအားသွင်းနိုင်တဲ့ နည်းလမ်းလည်း ပါဝင်ပါတယ်။ ဒီစမတ်နာရီရဲ့ အဓိက feature က solar panel ဖြစ်ပြီး နေရောင်ခြည်စွမ်းအင် ရှိသမျှကာလပတ်လုံး အားမကုန်ပါဘူး။ နေရောင် ခြည်စွမ်းအင်အပြင် မီးအလင်းရောင်နဲ့လည်း အားသွင်းနိုင်ပါတယ်။ LunaR စမတ်နာရီဟာ နေ့တိုင်း နေအလင်းရောင်နဲ့ တစ်နာရီလောက် ထိတွေ့တာနဲ့ တောက်လျှောက်အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

LunaR စမတ်နာရီမှာ timeless ဒီဇိုင်းကို အသုံးပြုထားတဲ့အတွက် classic နာရီတွေကို နှစ်သက်ကြသူတွေ အတွက် ပျော်ရွှင်ရမှာပါ။ LunaR မှာအခြား feature တွေလည်းပါဝင်ပါသေးတယ်။ အဲဒါတွေကတော့ လုပ်ဆောင်ချက်တွေကို ခြေရာခံ တာ၊ နေဝင်/နေထွက်ကို ခြေရာခံတာ၊ စမတ်ဖုန်းသတိပေးချက်တွေ ပို့တာ၊ အိပ်စက်တာကို ခြေရာခံတာ အပြင် dual time zone, alarm နဲ့ 5 ATM အဆင့်ရှိ ရေစိုခံစံသတ်မှတ်ချက် စတာတွေလည်း ပါဝင်လာပါတယ်။ LunaR စမတ်နာရီမှာ ပြောစကားတွေကို တုံ့ပြန်နိုင်တဲ့ digital assistant လိုမျိုး feature တော့ မပါဝင်ပါဘူး။

စိုးထက် Ref: AndroidAuthority