ကျပ် ၂၀၀ တန်ထီအား ယခုလနောက်ဆုံး ရောင်းချမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် နောက်ဆုံး ဖွင့်လှစ်ကာ ပိတ်သိမ်းမည်

ကျပ် ၂၀၀ တန်ထီအား ယခုလတွင် နောက်ဆုံးရောင်းချမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် နောက်ဆုံးဖွင့်လှစ်ကာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်းရရှိသည်။ လက်ရှိတွင် ကျပ် ၂၀၀ တန်ထီအား က၊ ခ၊ ဂ စသည့် အက္ခရာ သုံးလုံးသာ ဖြန့်ချိပြီး ဆုမဲများကိုလည်း လျှော့ချခဲ့သည်။ ကျပ် ၅၀၀ တန်ထီပေါ်ပေါက်လာပြီး နောက်ကျပ် ၂၀၀ တန်ထီကို သုံးလတာ ဆက်လက်ရောင်းချ ခဲ့ခြင်းဖြစ်သည်။

“မေလမှာ နောက်ဆုံးရောင်းပြီးရင် ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။ ဇွန် ၁ ရက်မှာ နောက်ဆုံးဖွင့်လှစ် မှာပေါ့။ နောက်လတွေမှာ ကျပ် ၂၀၀ တန်ထီ ရှိတော့မှာ မဟုတ်ပါဘူး” ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် ကျပ် ၅၀၀ တန် ထီအပေါ်သာ စိတ်ဝင်စားမှုများနေပြီး ကျပ် ၂၀၀ တန်ထီအပေါ် စိတ်ဝင်စားမှု လျော့ကျသွားကြောင်း သိရသည်။ ကျပ် ၂၀၀ တန်ထီနှင့် ကျပ် ၅၀၀ တန်ထီတို့မှာ ဆုကြေးပမာဏတွင် ကွာခြားမှုများ ရှိနေသည်။

ကျပ် ၅၀၀ တန်ထီအတွက် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀၀၊ ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ ဆုများ အပါအ၀င်ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅၀၀၀၀ ဖြစ်သည်။  ကျပ် ၂၀၀ တန်ထီအတွက် ဆုမဲ များမှာမူ အမြင့်ဆုံးဆု ကျပ်သိန်း ၁၅၀၀ နှင့် ကျပ်သိန်း ၁၀၀၀၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀ ဆုများပါဝင်ပြီး အနိမ့်ဆုံးဆုမှာ ကျပ်တစ်သိန်း ဖြစ်ကြောင်း သိရသည်။

ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အရန်ထီများကို ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် လေးကြိမ်မြောက် အထိ ထည့်သွင်း ရောင်းချဦးမည်ဖြစ်ပြီး သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်မည့် ငါးကြိမ်မြောက်တွင် အရန်ထီများကို ထည့်သွင်းရောင်းချတော့မည် မဟုတ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

ငါးကြိမ်မြောက်မှ စ၍ အက္ခရာအလုံး ၅၀ သတ်မှတ်ကာ ဖြန့်ချိသွားရန် စီစဉ်ထားပြီး ဆုကြီးအချို့ကိုလည်း ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

# Eleven