မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲနှင့် နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးရက် ရွှေ့ဆိုင်း

မူဆယ်မြို့တွင် ဒီဇင်ဘာလလယ်၌ တစ်နှစ်ခြားတစ်ကြိမ် ကျင်းပနေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည် ပြပွဲနှင့်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးကို နယ်မြေဒေသလုံခြုံရေး အခြေအနေကြောင့် ယာယီအချိန် ရွှေ့ပြောင်းထားရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကုန်စည်ပြပွဲနှင့် အစည်းအဝေးကို ယူနန်ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ ကုန်သည်များပါ တက်ရောက်လေ့ရှိပြီး လတ်တလော နယ်မြေဒေသ အခြေအနေလုံခြုံရေး စိတ်ချရမှုအားနည်းနေသဖြင့် အစည်းအဝေးကို အချိန်ရွှေ့ ဆိုင်းရခြင်းဟု အထက်ပါဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးကို ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့များတွင် တစ်နှစ်စီ အလှည့်ကျ ကျင်းပခဲ့သည်။ ၂၀၁၆ သည် မြန်မာနိုင်ငံ မူဆယ်မြို့၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကျင်းပရန် မူလကစီစဉ်ခဲ့သည်။

သို့သော် နိုဝင်ဘာ ၂၀ ရက်တွင် မူဆယ်မြို့အနီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကုန်သွယ်မှု ရပ်တန့်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်မှ စ၍ ကုန်သွယ်မှုများ ပြန်လည် လုပ်ကိုင်လာသော်လည်း ပုံမှန်အခြေအနေ မရောက်ရှိနိုင်သေးကြောင်း၊ နိုဝင်ဘာလကုန်ရက်တွင် မူဆယ်မြို့ ကုန်သွယ်မှုအခြေအနေသည် ပုံမှန်ရက်များ ထက် ၆၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ဦးခင်မောင လွင်က ပြောသည်။

‘‘နယ်မြေဒေသအခြေအနေ စိတ်မချရတဲ့အတွက် ဟိုဘက်ကလည်း လာဖို့လောလောဆယ်မှာ မလွယ်ဘူး။ ဒါကြောင့် ပွဲကို ရက်နောက်ဆုတ်ထားတယ်။ ဘယ်နေ့မှာ လုပ်မယ်ဆိုတာ လောလောဆယ် မဆုံးဖြတ်ရသေးဘူး’’ ဟု ဦးခင်မောင်လွင်က  ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲသည် ကုန်သွယ်ရေးအတွက် အရေးပါသည့် ပွဲတော်တစ်ခုဖြစ်သည်။ နှစ်နိုင်ငံ ထုတ်ကုန်များ ဈေးကွက်ရှာဖွေရန် ဆုံစည်းမှုတစ်ခုလည်း ဖြစ်သည်ဟု မူဆယ်မြို့ရှိ ကုန်သည်အချို့က ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအစည်းအဝေးမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် အစိုးရအဖွဲ့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ ကုန်သည်များက ပါဝင်ဆွေးနွေးကြသည်။

# 7 Day Daily

 


Leave a Reply