ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည် များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်း၏ တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်ဖြင့် စွန့်လွှတ်ခဲ့ကြ စွန့်လွှတ်နေကြသည့် အညတရ စစ်သည်တော်များကို ဂါရဝပြုခြင်းအခမ်းအနားကို ဒီဇင်ဘာ (၄) ရက်က စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်ကို ချစ်ခင် ယုံကြည် လေးစားအားကိုးသော ပြည်သူများက ရန်ကုန်မြို့၊ သူရဲကောင်းစစ်သည်ဗိမ္မာန်တွင် ကျင်းပခဲ့ကြသည်။
စစ်သည်တော်ဟောင်းကြီးများ ဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ဦးခင်မောင်စိုး စသည့် ပြည်ခိုင်ဖြိုးအကြီးအကဲများလည်း တက်ရောက် အလေးပြုခဲ့ကြပြီး အညတရ စစ်သည်တော်များအတွက် လွမ်းသူ့ပန်းခြင်း ပို့ချခြင်း၊ စွန့်လွှတ်ခဲ့သူများ၏ မိသားစုဝင်များက ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်း အညတရစစ်သည်တော်များ ကောင်းရာဘုံဘဝတွင် ကျေနပ်နှစ်သိမ့်နိုင်ရန် ရည်စူး၍ မိုးပျံပူဖောင်း အဖြူအမည်းများ လွှတ်တင်ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝါရင့် တပ်မတော်သားဟောင်း ဗိုလ်ချုပ်ကြီးများ၊ အရာရှိကြီးများနှင့် အဆင့်စုံ တပ်မတော်သားဟောင်းများ တခဲနက်တက်ရောက်ကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိရသည်။

ထို့ပြင် ရှေ့တန်း စစ်မျက်နှာသီးသီး၌ တာဝန်ထမ်းဆောင်နေကြသော စစ်သည်တော်များ အတွက် ပြည်သူက ပို့ဆက်သော သဝဏ်လွှာများကို တက်ရောက်လာသူများက မေတ္တာ စေတနာအပြည့်ဖြင့် ရေးသားပေးပို့ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီး(ငြိမ်း)သိန်းစိန် + နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစုကလည်း အညတရ စစ်သည်တော်များအတွက် ဂုဏ်ပြုပန်းခြင်းကို အခမ်းအနားသို့ ပေးပို့ ဂုဏ်ပြုခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)၊ ပြည်ခိုင်ဖြိုးပါတီ နာယကကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုက လှူဒါန်းသော ရှေ့တန်းရောက်စစ်သည်တော်များအတွက် အလှူတော်ငွေ ကျပ်သိန်း (၂၀) ကို ဦးမောင်မောင်အောင် ဦးဆောင်သည့် ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအသင်းသို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းသားများက ပေးအပ်ကြကြောင်း သတင်းရရှိပါသည်။


Leave a Reply