ဗိုလ်ချုပ်အောင်ဆန်း တံတားဟု ပြည်သူ့ လွှတ်တော်မှ အတည်ပြုချက်ကို ဒေသခံ တစ်သောင်းကျော်က မော်လမြိုင်တွင် ကန့်ကွက် ဆန္ဒထုတ်ဖော်မည်

မော်လမြိုင်-ချောင်းဆုံမြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော် မှ အတည်ပြုဆုံးဖြတ်လိုက်ခြင်းအပေါ် ဒေသခံအင်အား တစ်သောင်းကျော်ဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

မတ် ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ် ဖော်ရေးကော်မတီမှ မော်လမြိုင်မြို့ရှိ ဓာတုမာလာကျောင်းတိုက်၌ အစည်းအဝေးပြုလုပ်ကာ ဆန္ဒပြ ကန့်ကွက်ရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။

“လွှတ်တော်ကအဖြေကို စောင့်နေတာ။ အခုဒီနေ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီဆိုတာသိရတယ်။ ဒီမှာလည်း မတ် ၁၉ ရက်ကျရင် သံဃာအင်အား လူအင်အား ၁၀ဝ၀ဝ ကျော်နဲ့ ဆန္ဒထုတ်ဖော် ဖို့ဆုံးဖြတ်ပြီးပါပြီ” ဟု ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်က မတ် ၁၄ ရက်တွင် မိန့်သည်။

ကန့်ကွက်ဆန္ဒပြပွဲကို မတ် ၁၉ ရက်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၌ စုရပ်လုပ်ကာ ပြည်နယ်လွှတ် တော်ရုံးအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

“လူတစ်စုသွေးထိုးလှုံ့ဆော်မှုကြောင့်လို့ သူတို့ပြောတာ မခံနိုင်လို့ပါ။ ဘုန်းဘုန်းတို့ တောင်းဆိုတယ်ဆိုတာ လည်း ဒေသခံတွေရဲ့ဆန္ဒအရပါ” ဟု ဆရာတော်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မတ် ၁၉ ရက်ဆန္ဒပြပြီးနောက် ထူးခြားမှုရှိ၊ မရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး ထူးခြားမှုမရှိပါက သံလွင် တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေးကော် မတီမှ အစည်းအဝေးပြန်လည်ပြုလုပ်ကာ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်း ကော်မတီမှ ဦးမင်းမင်းနွယ်ကပြောသည်။

ပြည်သူ့လွှတ်တော်၏ဆုံးဖြတ်ချက်အပေါ် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဒေါက်တာ အောင်နိုင်ဦးက “အင်န်အယ်လ်ဒီအစိုးရက တောက်လျှောက်ကြွေးကြော်လာတဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ ငြိမ်းချမ်းရေး တို့ဆိုတာ တကယ်ပြောတဲ့အပြောနဲ့ လုပ်ရပ်မညီဘူးဆိုတာ လုံးဝပေါ်လွင်တယ်ဆိုတာ လူထုကပိုသိလာ တယ်” ဟု ကောက်ချက်ချသည်။

မော်လမြိုင်-ချောင်းဆုံမြစ်ကူး တံတား၏အမည်ကို ဗိုလ်ချုပ်အောင်ဆန်း၏အမည်နာမဖြင့် ဂုဏ်ပြုသတ် မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖေဖော်ဝါရီ ၂၈ ရက် ပြည်သူ့လွှတ်
တော်အစည်းအဝေးတွင် မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက တင်ခဲ့ခြင်းဖြစ်သည်။

#Democracytoday