UNFC ဒုတိယအကြိမ် ညီလာခံ ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်း

အပစ်ရပ် မထိုးထားသည့် လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ညီလာခံကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ကြောင်း UNFC ထံမှ သိရသည်။

UNFC ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ သုံးရက်ကြာကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက် အရ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

မူလက UNFC ၏ ညီလာခံကို မတ်လ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် ညီလာခံကို ရွှေ့ဆိုင်းလိုက်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

လက်ရှိတွင် “ဝ” ပြည် ပန်ဆန်း ညီလာခံက ထွက်ပေါ်လာသည့် NCA ကို အခြေမခံသည့် နိုင်ငံရေး လမ်းကြောင်းနှင့် UNFC ၏ NCA စာချုပ်နှင့်ပတ်သက်သည့် ဆွေးနွေးနေမှုများအပေါ် အမြင် မတူမှုများ ထွက်ပေါ်လာခြင်းကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိ နိုင်ငံရေးအခက်အခဲကို ကျော်လွှားဖို့အတွက် နည်းလမ်းရှာဖို့ ညီလာခံကို ရွှေ့လိုက်တာ ဖြစ်တယ်” ဟု နိုင်ဟံသာက ဆိုသည်။

အဆိုပါ ညီလာခံတွင် လက်ရှိ UNFC ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ဗိုလ်ချုပ်ကြီး အင်ဘန်လက ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းများထွက်နေပြီး UNFC အဖွဲ့မှလည်း KIO နုတ်ထွက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မှ ဖွဲ့စည်း ထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ပြီးနောက် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆက်လက်ညှိနှိုင်းရာ အပစ်ရပ် လက်မှတ်ရေးထိုးရန် UNFC မှ တောင်းဆိုထားသည့် အဆိုပြုချက် ၉ ချက်ကို မူအားဖြင့် သဘောတူခဲ့ကြောင်း နှစ်ဖက် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် ကချင် လွတ်လပ် ရေးအဖွဲ့ (KIO) အပါအဝင် အပစ်ရပ် လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် လက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့ကို ကိုယ်စားပြုဆွေးနွေးနေခြင်း ဖြစ်သည်။

# The Voice