တရားရုံးတွင် စစ်ဆေးမှုခံယူရန် တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေးထံ သမ္မန်စာပေးပို့

တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေး အနေဖြင့် တရားရုံးတွင် လာရောက်စစ်ဆေးမှု ခံယူရန် အစိုးရရှေ့နေများက သမ္မန်စာ ပေးပို့လိုက်ကြောင်း သိရသည်။

မတ် ၁၅ ရက်တွင် ရှေ့နေများက ပက်ခ်အနေဖြင့် အကျင့်ပျက်မှု စွဲချက်နှင့် ပတ်သက်၍ လာရောက် ဖြေရှင်းရန် အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ သမ္မန်စာ၌ ပက်ခ်ကို မတ် ၂၁ ရက် မနက်ပိုင်း တရားခွင်တွင် လာရောက် စစ်ဆေးမှု ခံယူရန် ရေးသားထားသည်။

ပက်ခ်သည် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အရှုပ်တော်ပုံနှင့် ဆက်စပ်ပြီး အကျင့်ပျက်မှု၊ လာဘ်စားမှု၊ အဂတိ လိုက်စားမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် လွှတ်တော် က သူမကို တရားစွဲဆိုရန် အဆိုပြု ဆုံးဖြတ်ခဲ့ပြီး ယင်းကို အထူးခုံရုံးက ထပ်ဆင့် အတည်ပြုလိုက်သည်။ ထို့ကြောင့် ပက်ခ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ရာထူးမှ တရားဝင် ဖယ်ရှားခြင်း ခံခဲ့ရသည်။

ပက်ခ်သည် သူမအနေဖြင့် မည်သည့် အမှားအယွင်းမျှ ပြုလုပ်ခဲ့ခြင်း မရှိဟု အခိုင်အမာ ငြင်းဆိုထားပြီး သူမကို ထောက်ခံသူများကလည်း ယခုကိစ္စကို နိုင်ငံရေး လုပ်ကြံမှု တစ်ရပ်အနေဖြင့် စွပ်စွဲထားကြသည်။

ပက်ခ်သည် သမ္မတရာထူး လက်ကိုင်ရှိနေစဉ်က သူမကို တရားစွဲဆိုခွင့် မရအောင် အလိုအလျောက် အကာအကွယ်ရထားပြီး ဖြစ်သော်လည်း ရာထူးမှ ဖယ်ရှားခံရချိန်တွင်မူ တရားရင်ဆိုင်ရမည့် အခြေအနေ ရှိနေသည်။

ပက်ခ်ကိုယ်တိုင်ကမူ သမ္မတ အိမ်တော်မှ ပြန်သွားပြီးသည့်နောက် ရာထူးမှ နုတ်ထွက်ရခြင်းကို လက်ခံ ကြောင်း ထုတ်ပြန်သည့်ကြေညာချက်၌ သူမတွင် အမှားမရှိခဲ့ကြောင်း၊ သို့သော် အချိန်အတိုင်းအတာ တစ်ခု ထိ ကြာမြင့်ပြီးမှ အမှန်တရား ပြန်လည် ထွက်ပေါ်လာရန် မျှော်လင့်ထားမိကြောင်း ပြောကြားထားသည်။

Ref: Reuters