ပိုင်ဆိုင်မှု အငြင်းပွားနေပြီး ဂျပန်ထိန်းချုပ်ထားသည့် ကျွန်းအနီးသို့ တရုတ်သင်္ဘောများ ချဉ်းကပ်

ပိုင်ဆိုင်မှုအငြင်းပွားနေဆဲဖြစ်ပြီး ဂျပန်က ထိန်းချုပ်ထားသည့် ကျွန်းစုများအနီး၌ တရုတ် ကမ်းခြေ စောင့်တပ်သင်္ဘောများက ဖြတ်သန်းခုတ်မောင်းပြခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက်က ဂျပန်လက်အောက်ရှိ ဆန်ကာကူကျွန်းစုအနီး ရေပြင်တွင် တရုတ်သင်္ဘောများ လှုပ်ရှားခဲ့ကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုကြေညာသည်။ အဆိုပါ ကျွန်းစုကို တရုတ် ကလည်း ပိုင်ဆိုင်ခွင့်တောင်းဆိုနေပြီး တရုတ်အမည်ဖြင့် ဒိုင်အိုယုဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးချုပ်အသစ် ဂျိမ်းစ်မက်တစ်က အမေရိကန် ပြည်ထောင်စုအနေဖြင့် ဂျပန်ပိုင်နက်နှင့် အငြင်းပွားဖွယ် ကျွန်းစုများ လုံခြုံရေးအတွက် ကူညီရပ်တည်သွားမည် ဟု ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် တရုတ်က ယခုလို တုံ့ပြန်လာခြင်းဖြစ်သည်။

ဂျပန်အစိုးရသည် အဆိုပါ တရုတ်သင်္ဘောများ ဖြတ်သန်းခုတ်မောင်းမှုနှင့် ပတ်သက်၍ ဘေဂျင်းရှိ ဂျပန်သံရုံးမှရော၊ တိုကျိုရှိ တရုတ်သံရုံးထံသို့ပါ ကန့်ကွက်အရေးဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ ကျွန်းစုများ ပိုင်ဆိုင်ခွင့် အငြင်းအခုံကိစ္စသည် အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံကြား ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တင်းမာမှုများ မြင့်တက်လာစေသည့် အခြေခံ အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။

တရုတ်၏ ကမ်းခြေစောင့်တပ်များကို ကွပ်ကဲသည့် သမုဒ္ဒရာပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးဌာနက တရုတ်ပိုင် ဒိုင်အိုယု ကျွန်းအနီး၌ ကမ်းခြေစောင့်တပ်၏ သင်္ဘောသုံးစီး ဖြတ်သန်း ခုတ်မောင်း ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းအချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း သီးခြား အတည်ပြု ခဲ့သည်။

တစ်ချိန်တည်းတွင် ဂျပန်ကမ်းခြေစောင့်တပ်ကလည်း ဆန်ကာကူ ကျွန်းစုအနီးသို့ တရုတ်သင်္ဘောများ ရောက်ရှိလာပြီး ဂျပန်ပိုင်နက် ရေပြင်တွင် နှစ်နာရီမျှ ခုတ်မောင်းနေခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ဂျပန်ရေပိုင်နက်ထဲ တရုတ်သင်္ဘောများ ဝင်ရောက်မှုသည် ယခုနှစ်အတွင်း စတုတ္ထ အကြိမ်မြောက် ဖြစ်လာခဲ့သည်။ ၂၀၁၆ တွင် အလားတူ အခြေအနေမျိုး ၃၆ ကြိမ်ထိ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိ ရသည်။

Ref: CNN