ခရိုင်းမီးယားတံတားတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လူရှစ်ဦးကို ရုရှားထိန်းသိမ်းထား

ရုရှားသိမ်းပိုက်ထားသည့်ခရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားပြည်မကြီးကြားရှိ တစ်စင်းတည်းသော တံတားကို စနေနေ့က ဗုံးခွဲတိုက်ခိုက်မှုနှင့်ဆက်စပ်၍ လူရှစ်ဦးကို ထိန်းသိမ်းထားကြောင်း နိုင်ငံပိုင်သတင်းဌာန RIA က ယနေ့ (အောက်တိုဘာ ၁၂ ရက်)တွင် ဖော်ပြသည်။

အကြမ်းဖက်တိုက်ခိုက်မှုကို ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန၏ အဓိကထောက်လှမ်းရေးဌာနအကြီး အကဲ ကီရီလိုဘူဒါနော့ဗ်နှင့် ၎င်း၏ဝန်ထမ်း အေးဂျင့်များက စီစဉ်ခဲ့သည်ဟု ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) ကအခိုင်အမာပြောဆိုကြောင်း RIA က ဖော်ပြသည်။

လက်ရှိတွင်ရာဇ၀တ်မှုကျုးလွန်ရန်ပြင်ဆင်မှုတွင် ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသားငါးဦး၊ ယူကရိန်းနှင့် အာမေးနီးယား နိုင်ငံသား သုံးဦးတို့ကို ရာဇ၀တ်မှုတွင်တစ်စိတ်တပိုင်းပါဝင်မှု ထိန်းသိမ်းထားကြောင်း FSB နှင့် ရုရှားစုံစမ်းစစ် ဆေး ရေးကော်မတီတို့၏ အစီရင်ခံစာကို ကိုးကား၍ RIA က ဖော်ပြသည်။

သို့သော်လည်းသံသယရှိသူများကိုမည်သည့်နေရာ၌ထိန်းသိမ်းထားသည်ဆိုသည်ကို အစီရင်ခံစာ၌ မဖော်ပြ ထားပေ။

FSB ၏ အစီရင်ခံစာအရ 23 မက်ထရစ်တန် အလေးချိန်ရှိသော ပေါက်ကွဲစေတတ်သောပစ္စည်းကို ဆောက်လုပ်ရေးလုပ်ငန်းသုံးပလတ်စတစ်လိပ်များအတွင်းဝှက်ထားခဲ့သည်ဟု RIA က ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုမှာ တံတားပေါ်ကားလမ်းမှ ထရပ်ကားတစ်စီး ပေါက်ကွဲခြင်းကြောင့် ဖြစ်ကြောင်း ရုရှား တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားထားသည်။

ဘူလ်ဂေးရီးယား၊ ဂျော်ဂျီယာနှင့် အာမေးနီးယားအပါအဝင်နိုင်ငံများမှ ဖောက်ခွဲရေးပစ္စည်းများကို သြဂုတ်လ အစောပိုင်းတွင် ယူကရိန်းဆိပ်ကမ်းအိုဒက်ဆာမှ ပေးပို့ခဲ့ကြောင်း FSB အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှား၏ FSB နှင့် စုံစမ်းစစ်ဆေးရေးကော်မတီ၏ပြောကြားချက်အသစ်အပေါ် ယူကရိန်းက လူသိရှင်ကြား မှတ်ချက်မပေးသေးပေ။

စနေနေ့အစောပိုင်းတွင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ခရိုင်းမီးယားတံတား၏ အစိတ်အပိုင်းများ ဆိုးရွားစွာ ပျက်စီးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် ဖွင့်လှစ်ခဲ့သည့် ၁၉ ကီလို မီတာ (၁၂ မိုင်ခန့်) ရှည်လျားသောလမ်းနှင့် ရထားလမ်းဖောက်ခွဲမှုတွင် တာဝန်မရှိကြောင်း ကိဗ်က ထုတ်ဖော်ပြောဆိုထားသည်။ Source: CNN