အာဏာကို ဆက်လက်ဆွဲကိုင်သွားမည်ဟု ကတိပြုထားသော ဇင်ဘာဘွေသမ္မတ မူဂါဘီ အသက် ၉၃ နှစ်ပြည့်

ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံခေါင်းဆောင် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီသည် ဖေဖော်ရီ ၂၁ ရက်က အသက် ၉၃ နှစ် ပြည့်သွားခဲ့ပြီဖြစ်သည်။ မူဂါဘီသည် အသက်အရွယ်ကြီး ရင့်လာပြီဖြစ်သည့်အတွက် ချည့်နဲ့ လာပြီဖြစ်လာကာ ကျန်းမာရေးမှာလည်း ယိုယွင်းနေပြီဖြစ်သော်လည်း အာဏာကို ဆက်လက်ကိုင်ဆွဲသွားမည် ဟု ကတိပြုထားသည်။

မူဂါဘီသည် သူ၏၀န်ထမ်းများနှင့်အတူ သီးသန့်မွေးနေ့ အခမ်းအနားကို မြို့တော်ဟာရာရီတွင် ကျင်းပမည်ဖြစ် သည်။ မူဂါဘီအား ထောက်ခံသူများကမူ ၎င်းတို့၏ မွေးနေ့ဆုမွန်တောင်းစကားများကို အစိုးရမီဒီယာများမှ တစ်ဆင့် ပေးပို့ကြမည်ဖြစ်သည်။ အဓိက မွေးနေ့အထိမ်းအမှတ် အခမ်းအနားကြီးကိုမူ ဖေဖော်ဝါရီ ၂၅ ရက်၌ ဇင်ဘာဘွေနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးမြို့ ဘူလာဝါယို၏ အပြင်ဘက်ရှိ မာတိုဘို အမျိုးသားဥယျာဉ်တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုအခမ်းအနားသို့ အစိုးရအရာရှိများစွာနှင့် အာဏာရ ZANU-PF ပါတီ၏ သစ္စာခံ ထောင်ပေါင်းများစွာ တက်ရောက်ကြမည်ဖြစ်သည်။

မူဂါဘီ၏ ထိုမွေးနေ့ပွဲအခမ်းအနားတွင် ကြီးမားသည့်သားကောင်ကြီးများကို ရံဖန်ရံခါတွင် သတ်ဖြတ်လေ့ရှိကြ သည်။ ပြီးခဲ့သည့်နှစ်များအတွင်းက မွေးနေ့ပွဲများ၌မူ မူဂါဘီသည် ဆင်၊ ကျွဲရိုင်း၊ အာဖရိက တောင်ဆိတ်သား များကို တည်ခင်းကျွေးမွေးခဲ့သည်။

မူဂါဘီသည် အသက် ၉၃ နှစ်ပြည့်ပြီဖြစ်သော်လည်း အနားယူရန် အလားအလာများ အားလုံးကို ပယ်ချထားခဲ့ သည်။ “ကျွန်တော့် ဒီရာထူးက ဆင်းဖို့တောင်းဆိုမှုဟာ ကျွန်တော့်ရဲ့ ပါတီထဲကပဲဖြစ်ရမယ်။ အဲသလို အခြေအနေမျိုး ဆိုရင်တော့ ကျွန်တော် ဒီရာထူးကနေ ဆင်းမှာါ” ဟု အစိုးရပိုင်သတင်းစာ Sunday Mail က မူဂါဘီ၏ ပြောစကားကို ကိုးကားပြီး ဖော်ပြခဲ့သည်။

“အခု သူတို့က ကျွန်တော်ကို ရွေးကောက်ပွဲဝင်ပြိုင်စေချင်ကြပါတယ်။ ကျွန်တော် ထပ်ပြီးမလုပ်နိုင်တော့ဘူးလို့ ခံစားမိရင် ဒီအတိုင်းပဲပြောလိုက်မှာပါ။ ဒါဆိုရင် သူတို့လည်း ကျွန်တော့်ကိုလက်လွှတ်လိုက်မှာပဲ။ ဒါပေမဲ့ ကျွန်တော်က မလုပ်နိုင်ဘူးလို့မထင်ပါဘူး” ဟု မူဂါဘီက ပြောကြားခဲ့သည်။ ထို့ပြင် လူထုအများစု သဘော ထားမှာလည်း အစားထိုးမှုကိုမလိုလားဘဲ ဆက်ခံမှုကိုသာ လက်ခံနိုင်သည်ဟု မူဂါဘီက ဆိုသည်။

ဇင်ဘာဘွေနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်က လွတ်လပ်ရေးရရှိခဲ့ချိန်မှစ၍ မူဂါဘီသည် အာဏာရလာခဲ့ခြင်းဖြစ် သည်။ သို့သော် ၎င်း၏ အုပ်ချုပ်ပုံသည် အတိုက်အခံများကို အကြင်နာကင်းစွာ ရက်ရက်စက်စက် ဖိနှိပ်မှု၊ ရွေးကောက်ပွဲ မသမာမှု၊ နိုင်ငံ၏ စီးပွားရေးကို ပြိုလဲစေမှုတို့ကြောင့် ဝေဖန်ခံရသည်။  # Eleven