မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု အသစ်များကို ရန်စမှုအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုသည် ရန်စသည့် အပြုအမူ တစ်ခုဟု ဆိုနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တိုင်လာဆန်က စွပ်စွဲ ပြောကြားလိုက် သည်။

သို့သော် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းသွားရန် လိုလားကြောင်းလည်း တိုင်လာဆန်က ဆိုသည်။ မြောက်ကိုရီးယား သည် ဩဂုတ် ၂၆ ရက်က တာတိုပစ် ဒုံးကျည်အချို့ကို နိုင်ငံ၏ အရှေ့ဘက်ခြမ်းရှိ ကမ်းလွန်ပင်လယ်ပြင်သို့ စမ်းသပ် ပစ်ခတ်ခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယား ရုပ်မြင်သံကြား သတင်းဌာနများက ပြသနေစဉ်

“ဒီကိစ္စဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ရန်စလိုက်တဲ့ အပြုအမူလို့ ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ အမေရိကန်ဟာ ငြိမ်းချမ်းစွာ ဆက်လက် ဖိအားပေးတဲ့ နည်းလမ်းကို ဆက်ပြီး ကျင့်သုံး နေဦးမှာပါ။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ရော၊ တရုတ်နဲ့ပါ ပူးပေါင်းပြီး ရှေ့ဆက် အကောင်အထည် ဖော်နေပါမယ်။ မြောက်ကိုရီးယား အစိုးရကို ညှိနှိုင်းဆွေးနွေးမှု စားပွဲဝိုင်းဆီ ခေါ်ဆောင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပါ”ဟု တိုင်လာဆန်က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်း၍ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ချိန်နှင့် တိုက်ဆိုင်စွာ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် အဆိုပါ စစ်ရေးလေ့ကျင့်မှုများအပေါ် အစဉ်တစိုက် ဝေဖန် ကန့်ကွက်ခဲ့ပြီး မြောက်ကိုရီးယား အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုသည် ကိုရီးယား ကျွန်းဆွယ်၏ တင်းမာမှုများကို ပိုမို မြင့်တက်လာစေမည်ဟု ရေးသားခဲ့သည်။

အမေရိကန်၏ ပစိဖိတ် စစ်ရေးဌာနချုပ်က မြောက်ကိုရီးယားသည် တာတိုဒုံးကျည် သုံးစင်းထိ ပစ်လွှတ်ခဲ့ပြီး ဒုံးကျည်များသည် ကီလိုမီတာ ၂၅၀ မျှထိ ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း ကြေညာသည်။ ယင်းအတိုင်းအတာ သည် တောင်ကိုရီးယားရှိ အရေးပါသော အမေရိကန် စစ်ဌာနချုပ်များကို တိုက်ခိုက်ရန် ကောင်းစွာ လုံလောက်မည်ဖြစ်သည်။ ကေစီအန်အေ သတင်းဌာနက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် တောင်ကိုရီးယားပိုင် ဘေယန်ဂျွန်နှင့် ယွန်ပြောင်းကျွန်းများကို ရုတ်တရက် စီးနင်းတိုက်ခိုက် သည့် ပုံစံတူ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ကြီးကြပ် စောင့်ကြည့်နေသည့် ဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဓာတ်ပုံများတွင် ဧပြီလက ကျင်းပသည့် စစ်အင်အား ပြပွဲကြီးအပြီး မြောက်ကိုရီးယား၏ အထူးကွန်မန်ဒို တပ်ဖွဲ့များကို ပထမဆုံးအကြိမ် ပြန်လည် တွေ့မြင်ခဲ့ရကြောင်းလည်း သိရှိရသည်။

   Ref: Straits Times