ရခိုင်လူငယ်ညီလာခံအကြို မာန်အောင်တွင် ညီလာခံတစ်ခုကျင်းပမည်

ရခိုင်လူငယ်ညီလာခံနှင့်ပတ်သက်သည့် အကြိုညီလာခံတစ်ခုကို လာမည့်နိုဝင်ဘာ နောက်ဆုံးပတ်တွင် ရခိုင် ပြည်နယ် မာန်အောင်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီဝင်များသည် စည်းရုံးရေးခရီးစဉ်များအဖြစ် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးသို့ သွားရောက်စည်းရုံးနေကြပြီး စည်းရုံးရေးနောက်ဆုံးခရီးစဉ်အဖြစ် စက်တင်ဘာ ၆ ရက်တွင် စတင် ထွက်ခွာနေကြပြီဟု ညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ကိုခိုင်မိုးထွန်းက ပြောသည်။

‘‘စည်းရုံးရေးခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ငါးဦးကို မြို့ခံလူထုရဲ့ သဘောဆန္ဒနှင့်အညီ ရွေးချယ်တာဖြစ်ပါတယ်။ အဲဒီ ကော်မတီဝင်တွေက မာန်အောင်မှာ အကြိုညီလာခံတစ်ခုကို ကျင်းပပြီးတော့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ရလဒ်တွေနဲ့ ညီလာခံကို ဆက်လက် ကျင်းပ သွားမှာဖြစ်ပါတယ်။ ရခိုင်လူငယ်ညီလာခံကိုတော့ ဒီဇင်ဘာနောက်ဆုံးအပတ်မှာ ကျင်းပဖို့ရည်မှန်းထားပါတယ်’’ ဟု ကိုခိုင်မိုးထွန်းက ဆိုသည်။

ရခိုင်လူငယ်ညီလာခံကျင်းပရန် စီစဉ်ရသည့် ရည်ရွယ်ချက်များမှာ ရခိုင်အမျိုးသားစီးပွားအတွက် ပြည်တွင်းပြည်ပမှ ရခိုင်လူငယ်များအချင်းချင်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ကဏ္ဍအသီးသီးတွင် စွမ်းရည်ပြည့်ဝသော ရခိုင်လူငယ်ထုတစ်ရပ်စဉ် ဆက်မပြတ် ပေါ်ပေါက်လာစေရန်၊ ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် လူငယ်များကဏ္ဍတစ်ခုအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရန်၊ နိုင်ငံရေးနှင့်အမျိုးသားရေး အခန်း ကဏ္ဍများတွင် ရခိုင် လူငယ်များ ပူးပေါင်းပါဝင်မှု ပိုမိုပီပြင်လာစေရန်၊ ပြည်တွင်းပြည်ပမှ ရခိုင် လူငယ်များ အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ကြည်မှုရရှိစေရန်၊ ရခိုင်ဒေသတွင်း ရေရှည်ဘက်စုံ ဖွံ့ဖြိုးရန်အတွက် ဒေသခံ လူငယ် အဖွဲ့အစည်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်အဖွဲ့ အစည်းများနှင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်တို့ဖြစ်သည်။

ရခိုင်လူငယ်ညီလာခံကျင်းပရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ရန်ကုန်မြို့ရှိ ရွှေရသာ စားသောက်ဆိုင်တွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည်။

# 7 Day Daily

 


Leave a Reply