ဖုန်း Sim Cardများမှတ်ပုံတင်ခြင်းကို ပြန်လည်စစ်ဆေးမည်ဟု ထပ်မံထုတ်ပြန်

လက်ရှိအသုံးပြုနေတဲ့ Sim Card တွေမှာ အချက်အလက် မှန်ကန်စွာဖြည့်စွက်မထားရင် အဲ့ဒီSim Card ကို အပြီးပိတ်သိမ်းပြီး Sim Cardထဲက လက်ကျန်ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ (၂၈)ရက်မှာ ထပ်မံထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၉)ရက်ကလည်း အဲ့ဒီလိုကြေညာချက်ထုတ်ပြန်ခဲ့ပြီး အခုဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ပြန်တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ e-ID Biographic Registration Software နည်းပညာနဲ့ အသိအမှတ်ပြုကတ်တစ်မျိးမျိး ကိုင်ဆောင်ထားသူ(၅၂)သန်းကျော်ကို National Database တည်ဆောက်ပြီး စာရင်းသွင်းပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် Sim Card မှတ်ပုံတင်ပြုလုပ်ရာမှာ ဖြည့်စွက်ထားတဲ့နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တို့ကို National Database အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ Sim Cardဝယ်ယူအသုံးပြုရာမှာ မှတ်ပုံတင်(မူရင်း)နဲ့ နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တိုကို မှတ်ပုံတင်နံပတ် ဖြည့်စွက်ပြီး စနစ်က မှတ်ပုံတင်ပြီးမှသာ အသုံးပြုရမှာဖြစ်တယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ Sim Cardရောင်းချသူတွေအနေနဲ့လည်း ညွှန်ကြားချက်တွေနဲ့အညီ စနစ်က ဆောင်ရွက်သွားဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိရင် လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက် သွားမယ်လို့ ဖော်ပြထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ Sim Cardဝယ်ရာမှာ အချက်အလက်မှန်ကန်စွာ ဖြည့်စွက်မှတ်ပုံတင်ပြီး ဝယ်ယူသုံးစွဲဖို့နဲ့ လက်ရှိအသုံးပြုနေတဲ့ Sim Cardတွေ အချက်အလက်အမှန်နဲ့ မှတ်ပုံမတင်ရသေးရင် အချက်အလက်မှန်ကန်စွာနဲ့ မှတ်ပုံတင်ဖို့ အသိပေးထားပါတယ်။

မှတ်ပုံတင်ရမယ့် နောက်ဆုံးသတ်မှတ်ရက်ကိုတော့ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။