ဘူးသီးတောင်မြို့နယ်တွင် AA နှင့် လေးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော်ထုတ်ပြန်

ဘူးသီးတောင်မြို့နယ်၌ တပ်မတော်စစ်ကြောင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ လေးနာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ် ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်နံနက်တွင် သရက်ပြင်ကျေးရွာ အရှေ့ဘက် မီတာ ၁,၃၀၀ ခန့် အကွာသို့ ရောက်ရှိစဉ် AA အဖွဲ့ မှ အင်အား ၅၀ ခန့်နှင့် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်မှုတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် AAအကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဟု ဖော်ပြခဲ့သည်။ ဇန်နဝါရီ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော် နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု နှင့် ပတ်သက်ပြီး တပ်မတော်ကပထမဆုံး သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာ၌ နှစ် ဖက်ထိခိုက်မှု ရှိ၊ မရှိ ဖော်ပြထားခြင်းမရှိပေ။

‘‘ဒါက တွေ့ဆုံပြီးဖြစ်တဲ့ တိုက်ပွဲလား၊ ဒါမှမဟုတ်ဘဲနဲ့ ထိုင်ထားတဲ့ စခန်းကို တိုက်တာလား ပေါ့။ တပ်မတော် ရေးထားတဲ့ ပုံစံကတော့ တွေ့ဆုံပြီး တိုက်တဲ့သဘောမျိုး ရေးထားတာပေါ့။ နောက်တစ်ခု ဖြစ်နိုင်တာက တွေ့ဆုံပြီးတိုက်တဲ့ တိုက်ပွဲမှာ အဲဒီလောက်ကြာတယ်ဆိုရင် တစ်ဖက်ဘက်ကနေ တစ်ဖက်ကို ပိတ်ဆို့ပြီး ဆုတ်လို့မရအောင်၊ ထွက်လို့မရအောင် လုပ်ထားတယ်ဆို လို့ရှိရင် ကြာတတ်တယ်။ ယေဘုယျ ပြောလို့ရတာက လေးနာရီဆိုတာ တိုက်ပွဲပြင်းတယ်လို့ ပြောလို့ရတယ်’’ဟု သုတေသနအဖွဲ့ MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

AA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွား နေကြောင်း ၎င်းကဆိုသည်။ သရက်ပြင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲ ဖြစ်ပွားရာဒေသရှိ အိမ်ခြေ ၄၀ ကျော်ရှိသော အလယ်ချောင်း ကျေးရွာမှ ဒေသခံ ၂၀၀ ကျော် သရက်ပြင်ရွာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းရန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်တာဝန် ရှိသူများထံ ဇန်နဝါရီ ၁၄ ရက် တွင် ဆက်သွယ်ရာ ဖုန်းအဆက် အသွယ်မရပေ။ အလားတူ AA ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက် သွယ်ရာတွင်လည်း အဆက်အ သွယ်မရပေ။