ထိုင်းသို မြန်မာလုပ်သား ၈၀၀ ကျော် ချစ်ကြည်ရေး အမှတ်(၂)တံတားမှစေလွှတ်

ထိုင်းနိုင်ငံသို့ MoU ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် ပြည်တွင်းရှိ အေဂျင်စီခြောက်ခုမှ လုပ်သား ၈၀၀ ကျော်အား မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၂) တံတားမှ စက်တင်ဘာ ၅ ရက်တွင် စေလွှတ်ခဲ့ကြောင်းသိရသည်။ ထိုသို့ MoU ဖြင့် လုပ်သားများ စေလွှတ်ပေးခဲ့သည့် အေဂျင်စီကုမ္ပဏီများအနက် ရွှေမြန်မာအောင် အေဂျင်စီမှ လုပ်သား ၁၀၀ မှာ ထိုင်းနိုင်ငံ ဘူရီရမ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပွင့်ဖူးအောင်အေဂျင်စီမှ လုပ်သား ၄၂ ဦး၊ Swam Royal အေဂျင်စီမှ လုပ်သား ၂၀၀ ၊ People Diligence အေဂျင်စီမှ လုပ်သား ၁၀ ဦး၊ ထရိန်းဝင်းအေဂျင်စီမှ လုပ်သား ၂၁၃ ဦးနှင့် နယူးသရီးဒိုင်းမွန်းအေဂျင်စီမှ လုပ်သား ၂၃၈ ဦး အပါအဝင် လုပ်သား စုစုပေါင်း ၈၀၃ ဦးကို ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် စေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီကုမ္ပဏီများသည် မေ ၁၀ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် စေလွှတ်ပေးခဲ့သည့် လုပ်သား၄၀၀၀၀ ဝန်းကျင်အထိ ရှိပြီဖြစ်ကြောင်း သိရသည်။ sdtimedaily