ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက် နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်များ ရွေးချယ်ပွဲကို ဇူလိုင်လ (၂၄) ရက် နံနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးနှင့် ဗဟိုကော်မတီဝင် ဦးခင်မောင်စိုးနှင့် ဦးတင်အောင်တို့ တက်ရောက်ကြသည်။

အခမ်းအနားကို ပထမပိုင်းနှင့် ဒုတိယပိုင်းခွဲ၍ကျင်းပရာသဘာပတိ ဦးသာဝင်း(ရန်ကုန်တိုင်း ဒေသကြီး အတွင်းရေးမှူး)က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကော်မတီ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး သက်တမ်းကုန်ဆုံး၍ကော်မတီအသစ်များ ပြန်လည် ရွေးချယ် ခြင်းဖြစ်ကြောင်း၊ မြို့နယ်များ၏ မဲပေးခွင့်ရကိုယ်စားလှယ်များက မဲပေးရာတွင် စွမ်းရည် မြင့်မားသူ၊ ကိုယ်ကျင့်တရား ကောင်းသူ၊ ပါတီလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင် နိုင်သူများကို စနစ်တကျ မှန်မှန်ကန်ကန်ရွေး ချယ်ကြရန် ပြောကြားသည်။

ထို့နောက် အခမ်းအနားတွင် ပါတီဝင်များ၏မိသားစုများမှ ပညာရည်ချွန်ဆုရရှိသူများကို ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးကလည်းကောင်း၊ ပါတီ၏ ရှေ့ဆက်လုပ်ငန်းများ အောင်မြင်ရန် အလှူငွေများ လှူဒါန်းရာ ပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ ဗဟိုကော်မတီဝင် ဦးခင်မောင်စိုး၊ ဦးတင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဦးတင်ဝင်း၊ ခရိုင်အတွင်းရေးမှူး
ဦးစိန်မြင့်နှင့် ခရိုင်ကော်မတီဝင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

အလှူငွေပေးအပ်ပွဲတွင် အရှေ့ဒဂုံ စက်မှုဇုန်ဥက္ကဋ္ဌ ဦးနေဝင်းရွှေက ကျပ်သိန်း ၂ဝ အပါအဝင် အလှူရှင်များ၏ စုစုပေါင်းအလှူငွေကျပ် ၇၈၅ဝဝဝဝ ရရှိခဲ့သည်။

၎င်းနောက် ခရိုင်ကော်မတီ အစီရင်ခံစာကို ဦးဝဏ္ဏမျိုး(ခရိုင်ကော်မတီဝင်)နှင့် စာတမ်းများကို ခရိုင်၊ မြို့နယ်ကော်မတီဝင်များက ဖတ်ကြားရာ ခရိုင်အတွင်းရေးမှူး ဦးစိန်မြင့် က ပြန်လည် ရှင်းလင်းဖတ်ကြားပြီး ခရိုင်ကော်မတီဝင်များက နုတ်ထွက်ကြောင်းကြေညာသည်။

ဒုတိယပိုင်းအခမ်းအနားအဖြစ် ခရိုင်ကော်မတီအသစ်၊ ခရိုင်အရန် ကော်မတီဝင်အသစ်များ၏ ရွေးချယ်ပွဲကို သဘာပတိဦးသာဝင်း နှင့် တိုင်းဒေသကြီးကော်မတီဝင်များက သဘာပတိ ပြုလုပ်ပြီး မဲစနစ်ဖြင့်ရွေးချယ်ရာ ဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမြင့် တို့ကိုရွေးချယ်ပြီးနောက် အခမ်းအနားကို ကြွေးကြော်သံ များဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


Leave a Reply