ထိုင်ဝမ်တွင် ရထားတစ်စီးပေါ် ပေါက်ကွဲမှု ဖြစ်ပွားပြီး အများအပြား ဒဏ်ရာရ

defref

ထိုင်ဝမ်နိုင်ငံ၏ မြို့တော် ထိုင်ပေတွင် ရထားတစ်စီးပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဇူလိုင် ၇ ရက် ညပိုင်းကဖြစ်ရပ်တွင် တိုင်ပေရှိ ဆွန်ရှန်ဘူတာ၌ ရထားတစ်စီးပေါ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု ရဲများက ဆိုသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် အချို့သောခရီးသည်များမှာ အလွန်ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ပေါက်ကွဲသည့် နေရာတွင် ဖောက်ခွဲရေးပစ္စည်းများနှင့် ဗြောက်အိုးများ စုထည့်ထားခဲ့သည့် ကျိုးပျက် နေသော ပိုက်အပိုင်းအစ တစ်ခုကို ရှာတွေ့ခဲ့ကြောင်း ဆိုသည်။ သို့သော် ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ပါသော တိုက်ခိုက်မှုဟု စွပ်စွဲခြင်း မရှိသေးဘဲ မတော်တဆမှု တစ်ခု ဖြစ်နိုင်ခြေကိုပါ ထည့်တွက်ထားဆဲ ဖြစ်သည်။ ထိုင်ဝမ် ဝန်ကြီးချုပ် လင်ချွန်ကမူ ယခုပေါက်ကွဲမှုသည် လူအများကို ထိတ်လန့်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟု စွပ်စွဲခဲ့သည်။

ရဲတပ်ဖွဲ့၏ ဗုံးရှင်းလင်းရေး ယူနစ်မှ အကြီးအကဲ လီဇူဝမ်က “၁၅ စင်တီမီတာလောက် ရှည်တဲ့ သတ္တုပိုက် အကျိုးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ အမည်းရောင် စက္ကူပတ်နဲ့ ထုပ်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေလည်း ရှိနေတယ်။ ဒီပစ္စည်းကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ယုံကြည်ရပါတယ်”ဟု သတင်းထောက်များထံ အသိပေးခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ ရထားတွဲထဲတွင် ရှိနေသူ တစ်ဦးက “ပေါက်ကွဲမှု ပြီးတာနဲ့ တွဲထဲမှာ မှောင်သွားတယ်။ အားလုံးလည်း အရမ်းထိတ်လန့်ပြီး အော်ဟစ်ကုန်ကြတော့တာပေါ့”ဟု ဆိုသည်။ အခြားမျက်မြင် တစ်ဦးကမူ ပေါက်ကွဲမှု မဖြစ်မီတွင် လေးထောင့်တုံးပုံ ပစ္စည်းတစ်ခုကို သယ်ယူကာ လူတစ်ဦး ရထားပေါ် တက်လာသည်ကို သတိပြုမိခဲ့ကြောင်း ဒေသခံ မီဒီယာ တစ်ခုသို့ ပြောကြားခဲ့သည်။

Ref: BBC


Leave a Reply