တရုတ်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင် တွေ့ဆုံ

ဖနွမ်းပင်၊ဩဂုတ် ၇

တရုတ်နိုင်ငံ‌တော်ကောင်စီဝင်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးပြင်ပ၌ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် သောကြာနေ့ က တွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ မစ္စတာဝမ်ယိကမူ ထိုင်ဝမ်ကိစ္စအတွက် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်ကို အခိုင်အမာ ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကိုထိပါးသည့် လုပ်ရပ်တိုင်းကိုဆန့်ကျင်ကာ တရုတ်တစ်ပြည်တည်းမူဝါဒအပေါ် အားပေးထောက်ခံရပ်တည်ပေးခဲ့သည့် ရုရှား၏ရပ်တည်ချက်အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားကာ နှစ်နိုင်ငံကြားမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကိုသက်သေပြခဲ့သည်။

ရေရှည်တည်တံ့သော လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုထိရောက်စွာရရှိရန် နိုင်ငံတကာဥပဒေအရ ချမှတ်ထားသောစနစ်အားကုလသမဂ္ဂနှင့် ပိုမိုခိုင်မာစွာကာကွယ်ရန် ရုရှားနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တရုတ်နိုင်ငံကအဆင်သင့်ရှိကြောင်းလည်းဝမ်ကပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲမြှင့်တင်သည့် အနေဖြင့် ကိုဗစ်တိုက်ဖျက်ရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍများတွင်သာမက ဒေသတွင်းစက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ခြင်းတို့တွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုကြောင်း ဝမ်ကပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့်ရုရှားတို့အနေဖြင့် အင်ဒိုပစိဖိတ်ဒေသလွတ်လပ်မှုအတွက် အာဆီယံ၏ ရှုမြင်သုံးသပ်ချက် နှင့် ချဉ်းကပ်မှုကို အားပေးထောက်ခံသင့်ကြောင်းလည်း ဝမ်ကဆိုသည်။

တစ်နိုင်ငံတည်းကိုဗဟိုပြု လွှမ်းမိုးချုပ်ကိုင်ထားသောလုံခြုံရေးစနစ်ထက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ် ချက်များနှင့် မူများအပေါ်အခြေခံကာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေး အမြင်ကို အကောင်အထည်ဖော်ဖို့ ဒေသတွင်းရှိနိုင်ငံများအား လမ်းညွှန်ရန်လည်း အရေးကြီးသည်ဟု ဝမ်ကဆိုသည်။

တရုတ်နှင့်ရုရှားသည် ရပ်ဝန်းနှင့်လမ်းမစီမံကိန်း နှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EEU) အကြားထားရှိသော ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် ဆောင်ရွက်ပြီး ယူရေးရှားတိုက်ကြီး၏ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်ရန်အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်သင့်သည်ဟုလည်းဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် နိုင်လိုမင်းထက်ပြုကျင့်သည့် အလေ့အထရှိပြီး ၎င်း၏ ဩဇာလွှမ်းမိုးလိုသော မူဝါဒများက နိုင်ငံတကာသဘောတူညီမှုနှင့် ဆန့်ကျင်လျက် အနာဂတ်မရှိနိုင်တော့သလိုဖြစ်နေသည် ဟုမစ္စတာ လားရော့ဗ်ကဆိုခဲ့သည်။

ရုရှားသည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာရန် တရုတ်နဲ့လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

ဘရာဇီး၊ရုရှား၊အင်ဒီးယား၊တရုပ်နှင့်တောင်အာဖရိက (BRICS) ပူးပေါင်းဆောင်ရွက်မှု၊ အီရန်နျူကလီးယားအရေးနှင့် ကိုရီးယားကျွန်းဆွယ် အခြေအနေများကဲ့သို့သော နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ်၌လည်း နှစ်ဖက်အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။  Source – Khmer Times