အစ္စရေးက ဒုတိယ စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ပြီး တင်းမာမှုများဆက်ဖြစ်

အစ္စရေးက ပါလက်စတိုင်း အစ္စလမ်မစ် ဂျီးဟတ်အဖွဲ့(PIJ)က ဒုတိယခေါင်းဆောင်တစ်ဦးကို သတ်ဖြတ် လိုက်ချိန်မှာပဲ ဂါဇာဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေ မြင့်တက်လာခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၂၈ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်ခြောက်ဦးနဲ့ PIJ ခေါင်းဆောင်တွေ ဖြစ်တဲ့ ခါလစ်မန်ဆိုးနဲ့ တေဆာ ဂျာဘာရီ တို့လည်းပါဝင်ခဲ့ပါတယ်။ ပါလက်စတိုင်းဘက်ကနေ သောကြာနေ့ကစပြီး ရော့ကက်နဲ့ မော်တာ ကျည်ဆံ ၄၀၀ လောက် အစ္စရေးဘက်ကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး အရာရှိကြီးတစ်ဦးက ပြောပါတယ်။ ပါလက်စတိုင်း အစ္စလမ်မစ် ဂျီးဟတ် အဖွဲ့ (PIJ) ဆီ က လက်ငင်း  ခြိမ်းခြောက်မှု ရှိနေတာကြောင့် လက်ဦးမှု တိုက်ခိုက်တာ ဖြစ်ကြောင်း အစ္စရေးက ပြောကြားပါတယ်။

ဒီတင်းမာမှုတွေ က ၂၀၂၁ ခုနှစ် မေလ က ပါလက်စတိုင်း လူမျိုး ၂၀၀ ကျော်နဲ့ အစ္စရေးလူမျိုး ၁၂ ဦး သေဆုံးခဲ့တဲ့  ၁၁ ရက်ကြာ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ပြန်လည်ဖြစ်ပေါ်လာတဲ့ အပြင်းထန်ဆုံး သွေးထွက်သံယိုမှု ဖြစ်ပါတယ်။ ဒီနောက်ဆုံး စစ်ဆင်ရေး က သီတင်းတစ်ပတ်လောက် ကြာနိုင်တယ်လို့  အစ္စရေး စစ်ဘက် က သတိပေးပြောကြားနေပါတယ်။ ဒုတိယနေ့ တိုက်ခိုက်မှုမှာ ဂါဇာ တောင်ပိုင်း ရာဖာဒေသ က အိမ်တစ်အိမ်ကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ပြီး PIJ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခါလစ်မန်ဆိုးကို သတ်ဖြတ်ခဲ့ပါတယ်။ အစ္စရေး အပေါ် စစ်သွေးကြွ တိုက်ခိုက်မှုတွေ စီစဉ်ပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ ဒီတပ်မှူး က အရင်က အစ္စရေးရဲ့ လုပ်ကြံသတ်ဖြတ်မှု ငါးကြိမ်ကနေ လွတ်မြောက်ခဲ့သူဖြစ်ကြောင်း ဘီဘီစီ သတင်း က ဆိုပါတယ်။ အခြားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဂျာဘာရီ က မနေ့ က လေကြောင်း တိုက်ခိုက်မှုမှာ သေဆုံးခဲ့ပါတယ်။ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှု အပြင် အနောက်ဘက် ကမ်းခြေမှာ စီးနင်းမှုတွေလုပ်ပြီး PIJ အဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း အစ္စရေး က ပြောပါတယ်။ အစ္စရေး ရဲ့ စစ်ဆင်နွှဲမှုကြောင့် ပါလက်စတိုင်း ၂၀၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန က ပြောကြားပါတယ်။  -Ref:BBC