လစာငွေလျှော့ချပြီး အရည်အသွေးမြင့်ကစားသမားအသစ်များ ခေါ်ယူနိုင်သဖြင့် ရိုးမားနည်းပြ မော်ရင်ဟို ချီးကျူးခံရ

လာမည့်ရာသီ စီးရီးအေပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အသင်း၏ လစာငွေကို လျှော့ချပြီး ဒီဘားလား၊ ဝိုင်နယ်လ်ဒမ်းနှင့် မာတစ်တို့လို အတွေ့အကြုံရင့် ကစားသမားများအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ လူစာရင်းပိုမိုအင်အားခိုင်မာအောင် ပြုလုပ်ထားသဖြင့် အီတလီမီဒီယာများက ချီးကျူးနေကြသည်။လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းသည် ကစားသမားသစ် (၅)ဦးခေါ်ယူထားပြီး လိုင်လီအသင်းမှ ခေါ်ယူထားသည့်နောက်ခံလူ ဇီကီဆီလစ်ခ်အတွက်သာ ပြောင်းရွှေ့ကြေးယူရို (၇)သန်း သုံးစွဲထားရပြီး ရိုးမားအသင်းမှ ဒီဘားလား၊ PSG အသင်းမှ ဝိုင်နယ်လ်ဒမ်း၊ မန်ယူအသင်းမှ မာတစ်နှင့် ဘင်ဖီကာ အသင်းမှ  ဆားဘီယားဂိုးသမား မီလေဆာဗီလားတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

ထို့ကြောင့်  ရိုးမားအသင်းနည်းပြ မော်ရင်ဟို၏ အပြောင်းအရွှေ့လှုပ်ရှားမှုများ ချီးကျူးခံနေရသလို၊ အသင်း၏ လစာငွေလျော့ကျစေရန်အတွက် ကစားသမားများစွာရှင်းထုတ်ခဲ့ခြင်း အတွက်လည်း အသိအမှတ်ပြုခံနေရသည်။ မော်ရင်ဟိုသည် မစ်ခီတာရီယန်၊ ဆန်တွန်၊ မိန့်လန်းနိုင်းစ်၊ ဖလော်ရန်ဇီ၊ ဗယ်ရီတူ၊ အော်ဆင်၊ ဘရိုင်ယန်ရေးနိုးလ် အစရှိသည့် ကစားသမားများကို အသင်းမှရှင်းထုတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါကစားသမားများထွက်ခွာသွားသဖြင့် ရိုးမားအသင်း၏ လစာငွေမှာ ယူရို (၃၂)သန်းဝန်းကျင် လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ထု့ိပြင် မော်ရင်ဟိုသည် ဂျက်စတင်ကလွိုက်ဗတ်၊ ဗီလား၊ ဒီယာဝါရာ၊ ကာလက်စ်ပီရက်ဇ်နှင့် ရှိုမူရိုဒေါ့ဗ်စသည့်ကစားသမားများကိုလည်း ရှင်းထုတ်ရန် စီစဉ်နေသည်။ အဆိုပါကစားသမားများ ရှင်းထုတ်နိုင်ခဲ့ပါက ရိုးမားအသင်း၏ လစာငွေပမာဏမှာ နောက်ထပ် ယူရို (၁၆ .၅)သန်း အထိ လျော့ကျသွားနိုင်ကြောင်း သိရသည်။

ရိုးမားအသင်းသည် အပြောင်းအရွှေ့ဈေးကွက်အတွင်း ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး တိုက်စစ်နေရာနှင့် ခံစစ်နေရာများအတွက် အားဖြည့်ရန်စီစဉ်နေကြောင်း သိရသည်။ရိုးမားအသင်းသည် တိုရီနိုအသင်းတိုက်စစ်မှူးဟောင်း ဘယ်လော့တီကို ခေါ်ယူရန်ပစ်မှတ်ထားနေသလို၊ ခံစစ်ပိုင်းအားဖြည့်ရန်အတွက် မန်ယူအသင်းမှ ဘာယီနှင့် ဒေါ့မွန်အသင်းမှ လူငယ်ကစားသမား ဇာဂါဒူတို့ကို ရည်ရွယ်ထားကြောင်း သိရသည်။

ရိုးမားအသင်းသို့ မော်ရင်ဟို မရောက်ရှိလာခင် ပွဲထွက်လူစာရင်းနှင့် လက်ရှိမော်ရင်ဟို၏ ပွဲထွက်လူစာရင်းမှာ အလုံးစုံပြောင်းလဲခဲ့ပြီဖြစ်ကြောင်း လည်း Givemesport က ဖော်ပြခဲ့သည်။မော်ရင်ဟိုမတိုင်ခင် ရိုးမာအသင်း၏ ပွဲထွက်လူစာရင်း၏ ခန့်မှန်းတန်ဖိုးမှာ ယူရို (၂၂၈)သန်းသာရှိခဲ့သော်လည်း ယခုအခါ ယူရို (၂၇၇) သန်းအထိ မြင့်တက်လာကြောင်းသိရသည်။

ထို့ပြင် အေဘရာဟမ်၊ ဒီဘားလား၊ မန်စီနီ၊ ပယ်လီဂရီနီ၊ ဇာနီယိုလိုတို့ ကဲ့သို့ ဥရောပထိပ်တန်းအသင်းများမှ စိတ်ဝင်စားနေသည့် ကြယ်ပွင့်ကစားသမားများကိုလည်း မော်ရင်ဟို ပိုင်ဆိုင်ထားကြောင်း Givemesport က ဖော်ပြခဲ့သည်။  -Ref:Elevensport