အမေရိကနှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုအား သတိပေးသည့်အနေဖြင့် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းထပ်မံပစ်လွှတ်

မြောက်ကိုရီးယားသည် ယနေ့နံနက်တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်သို့ ထပ်မံပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ယခုတစ်ကြိမ် ပစ်လွှတ်မှုသည် အမေရိကနှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း နောက်ဆုံး အကြိမ် ပစ်လွှတ်မှုလည်းဖြစ်သည်။

အဆိုပါဒုံးကျည်နှစ်စင်းလုံးသည် ဂျပန်၏အထူးသီးသန့်စီးပွားရေးဇုန်အပြင်သို့ ကျရောက်သွားပုံပေါ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ တောင်ကိုရီးယားစစ်တပ်ကလည်း မြောက်ကိုရီးယား၏ ယခုလုပ်ရပ်အား ပြင်းထန်စွာရှုံ့ချသည်။

တောင်ကိုရီးယားစစ်အကြီးအကဲတစ်ဦးကလည်း ၎င်းတို့အနေဖြင့် မြောက်ကိုရီးယား၏ လှုပ်ရှားမှုတိုင်းကို သတိထား စောင့်ကြည့်နေပြီး ရန်စမှုတိုင်းအပေါ်တုံ့ပြန်နိုင်စေရန် အဆင်သင့်ပြင်ဆင်ထားမည်ဖြစ်ကြောင်း ပြောကြားလျှက် အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျပန်အစိုးရကလည်း မြောက်ကိုရီးယား၏ ယခုကဲ့သို့ ဒုံးကျည်ပစ်လွှတ်နေမှုများသည် ဂျပန်ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ဘေးကင်းရေးနှင့်ငြိမ်းချမ်းရေးအား ခြိမ်းခြောက်နေသည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

သို့သော်မြောက်ကိုရီးယားကမူ အမေရိကနှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုအား တင်းတင်းမာမာ တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ကျူးကျော်ရန်ပြင်ဆင်နေခြင်း ဖြစ်ကြောင်းသာတွင်တွင်ပြောကြားခဲ့သည်။

အမေရိကနှင့်တောင်ကိုရီးယားတို့ကမူ ၎င်းတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ခံစစ်အတွက်ကာကွယ် ပြင်ဆင်ခြင်းသာ ဖြစ်ပြီး ကျူးကျော်လိုမှုမရှိကြောင်းပြောကြားခဲ့သည်။