နျူကလီးယားနှင့်ဆိုင်သော အမြင့်ဆုံးတပ်လှန့်မှု မြောက်ကိုရီးယားတွင် စတင်ပြုလုပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံအတွင်းရှိ အဆင့်မြင့်တပ်များအား နျူကလီးယားနှင့် ဆိုင်သည့် အမြင့်ဆုံးတပ်လှန့် မှုပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများ က ဖော်ပြသည်။ ကင်မ်ဂျုံအန်သည် မြောက်ကိုရီးယားစစ်တပ်၏ အမြင့်ဆုံးတပ်မှူးများနှင့် နိုင်ငံတော်လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့တွင် ပါဝင်နေသူများကို ခေါ်ယူကာ အဆင့်မြင့်တပ်ဖွဲ့များအား နျူကလီးယားနှင့်ဆိုင်သော တိုက်ခိုက်မှု အပါ အဝင် ဆက်စပ်ဖြစ်စဉ်များ ဖြစ်ပွားလာပါက ချိန်ကိုက်တုံ့ပြန်နိုင်ရန် လိုအပ်သည်များကို ပြင်ဆင်ထားရမည်ဟု ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနှင့် အမေရိကန်ကြားတွင် မြောက်ကိုရီးယား ပိုင်ဆိုင်ထားသော နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ခက်ခဲနေချိန်တွင် မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများ မကြာခဏပြုလုပ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ကြောင့် အကျပ်အတည်းများကြုံတွေ့နေသည့် အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားဘက်မှ ယခုကဲ့သို့ ထူးခြားသည့်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်လာခြင်းကြောင့် အရှေ့အာရှဒေသ၏ လုံခြုံရေးနှင့်တည်ငြိမ်ရေး အတွက် အစီအစဉ်အချို့ ချမှတ်ဖော်ဆောင်ရဖွယ်ရှိနေသည်။ Ref; KCNA