နိုင်ငံရေးတည်ငြိမ်လျှင် စစ်တပ် ဝင်စွက်ဖက်ရန်မလိုဟု ထိုင်းစစ်တပ်အကြီးအကဲသစ် ပြော

ထိုင်းနိုင်ငံအတွင်း လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အရပ်သားတွေ ပြန်အုပ်ချုပ်အပြီး နိုင်ငံရေး တည်ငြိမ်ခဲ့ရင် စစ်တပ်က ဝင်စွက်ဖက်ဖို့ မလိုဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲသစ်က အောက်တိုဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ဒီလထဲမှာ ရာထူးလက်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီး အပီရပ် ခွန်စွန်မ်ပွန်က စစ်တပ်ဟာ နီးနီးကပ်ကပ် စောင့်ကြည့်ခံ နေရတယ်၊ ဘက်မလိုက်ဘဲ ဆက်နေဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံရေး အမြတ်ထုတ်မခံရအောင် ရှောင်ဖို့ ခုချိန်ကစပြီး သတိရှိရှိ လုပ်ဆောင်ဖို့လိုတယ်လို့လည်း အပီရပ်က သတင်းထောက်တွေကို ဘန်ကောက်မြို့မှာ ပြောပါတယ်။

နောက်တကြိမ် အာဏာသိမ်းဖို့ ပြင်ဆင်ထားသလားလို့ သတင်းထောက်က မေးရာမှာ တကယ်လို့ အတိတ်ကလို နိုင်ငံရေးပဋိပက္ခတွေ မဖန်တီးဘူးဆိုရင် ဝင်စွက်ဖက်ဖို့ မလိုဘူးလို့ သူက ပြန်ဖြေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး စစ်အုပ်ချုပ်ရေးအောက်ကို ကျရောက်ခဲ့တာပါ။

အစိုးရလိုလားသူတွေနဲ့ ဆန့်ကျင်သူတွေ လချီ ဆန္ဒပြအပြီး တရားဥပဒေစိုးမိုးမှု ပြန်ရအောင် စစ်အာဏာသိမ်းဖို့ လိုတယ်လို့ စစ်တပ်က ပြောခဲ့ပါတယ်။

စစ်တပ် အကြီးအကဲဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ရွေးကောက်ပွဲတွေ ကျင်းပမယ့်နေ့ကို ထပ်ခါတလဲ ရွှေ့ဆိုင်းခဲ့တာပါ။

နောက်ဆုံး သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့က ၂၀၁၉ ဖေဖော်ဝါရီလ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို သွေးမစွန်းတဲ့ တော်လှန်ရေးကနေ တဆင့် ဖယ်ရှားအပြီး ၁၉၃၂ ခုနှစ်ကတည်း ခုထိ စစ်အာဏာသိမ်းခဲ့တာ ၁၉ ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။

DVB