စီရော်နယ်ဒိုကို မန်ယူအသင်းမှထုတ်ပယ်ရန် ဂယ်ရီနဗီးလ် တိုက်တွန်း

မန်ယူအသင်းအနေနဲ့ စီရော်နယ်ဒိုကို ရက်ပိုင်းအတွင်းမှာပဲ အသင်းကနေ ထုတ်ပယ်ဖို့လိုအပ် ကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းတာဝန်ရှိသူတွေရဲ့ သစ္စာဖောက်တာ ခံခဲ့ရတယ်လို့  လူသိရှင်ကြားဝေဖန်ခဲ့တာပါ။  ရော်နယ်ဒိုဟာ အသင်းဆီကို ပြန်လာဖို့ဆန္ဒရှိမယ်ဆိုရင် အင်တာဗျူးမှာ ဝေဖန်ခဲ့မှာမဟုတ်ဘဲ အသင်းဆီပြန်လာဖို့ မရှိလို့သာ အဲဒီလိုစကားပြောခဲ့တာဖြစ်ကြောင်း နဗီးလ် ကပြောပါတယ်။

“ခရစ္စတီယာနိုပြောတဲ့အထဲမှာ တချို့ကိစ္စတွေကိုတော့ ကျနော် လက်ခံပါတယ်။ ပရိသတ်တွေ လည်း လက်ခံကြမှာပါ။ ဒါပေမဲ့ ခင်ဗျားက အလုပ်သမားတစ်ဦးဖြစ်ပြီး ဒီလိုစကားတွေ ပြောမယ်ဆိုရင် အလုပ်သမား စာချုပ်က ပြတ်စဲသွားရမှာပါပဲ” လို့ နဗီးလ်ကပြောပါတယ်။ ရော်နယ်ဒိုရဲ့ ဝေဖန်မှုကြောင့် အနာဂတ်မှာလည်း ကစားသမားတွေက မန်ယူအသင်းကို ပြန်လည်ဝေဖန်လာနိုင်တာကြောင့် ရော်နယ်ဒိုကို အပြစ်ပေးအရေးယူတဲ့ အနေနဲ့ အမြန်ဆုံး စာချုပ်ဖျက်သိမ်းဖို့ နဗီးလ်က တိုက်တွန်းတာ ဖြစ်ပါတယ်။