မြောက်ကိုရီးယားသည် တုံ့ပြန်မှုများ ပြင်းထန်လာမည်ဟု သတိပေး ပြီး နာရီပိုင်းအကြာတွင် ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့

မြောက်ကိုရီးယားသည် အမေရိကနှင့် ၎င်း၏ မဟာမိတ်များအား စစ်ရေးအရ တုံ့ပြန်မှု ပိုမိုပြင်းထန်လာမည်ဟု သတိပေးပြီးနောက် နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့တွင် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ဝါရှင်တန်သည် မြောက်ကိုရီးယား၏ ရန်စလာမှုများကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လာပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကိုလည်း အရှိန်မြှင့် လုပ်ဆောင် လာခဲ့လေသည်။

ဝါရှင်တန်၏ ထိုကဲ့သို့သော လုပ်ရပ်များသည် မိုက်မဲသော လုပ်ရပ်များဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်းဟွီက ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

“ဝါရှင်တန်က တိုကျိုနဲ့ ဆိုးလ်တို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု‌တွေ တိုးမြင့် လုပ်ဆောင်လာလေလေ မြောက်ကိုရီးယားရဲ့ စစ်ရေးအရ တုံပြန်မှုတွေလည်း ပိုမိုပြင်းထန်လာလေလေပဲဖြစ်မှာပါ” ဟု ချိုးဆန်းဟွီက သတိပေးခဲ့သည်။

ကန်ဝမ် ပြည်နယ် ဝမ်ဆန်မြို့ အနီးတစ်ဝိုက်မှ ပစ်ခတ်ခဲ့သော တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို တပ်မတော်က နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးသား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

-Ref: AFP