၈၆ နှစ်အရွယ် ဂျပန်အဘိုးအိုက ကာယဗလပြိုင်ပွဲဝင်ပြီး အသက်အကြီးဆုံးပြိုင်ပွဲဝင်အဖြစ် စံချိန်တင်

ဂျပန်နိုင်ငံ ကာယဗလပြိုင်ပွဲမှာ အသက် ၈၆ နှစ်အရွယ် အဘိုးအိုက ပြိုင်ပွဲဝင်ပြီး အသက်အကြီးဆုံးပြိုင်ပွဲဝင်အဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။ တိုရှိဆုခဲကာနာဇာဝါဟာ အောက်တိုဘာလ ၉ ရက်က အိုဆာကာမြို့မှာ ကျင်းပတဲ့ ၆၈ ကြိမ်မြောက် ကာယဗလပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူဟာ နောက်ဆုံးအဆင့်အထိ မရောက်ခဲ့ပေမဲ့ လူတွေရဲ့ အာရုံစိုက်မှုကိုတော့ ရရှိခဲ့ပါတယ်။

တိုရှိဆုခဲဟာ အသက် ၂၀ အရွယ်ကတည်းက ကာယဗလမောင်အဖြစ် လေ့ကျင့်ခဲ့တာဖြစ်ပြီး ၂၄ နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ ၃၄ နှစ်အရွယ်မှာ ကာယဗလမောင် ဘဝကနေ အနားယူခဲ့ပေမဲ့ အသက် ၅၀ အရွယ်မှာ မကြာခဏ နာမကျန်းဖြစ်လေ့ရှိတဲ့ ဇနီးသည်ကို အားပေးဖို့အတွက် တစ်ကျော့ပြန် ပြိုင်ပွဲဝင်ခဲ့သူပါ။

ပြီးခဲ့တဲ့သြဂုတ်လက ဟော့ကိုင်းဒိုးကျွန်းမှာ ကျင်းပခဲ့တဲ့ ဂျပန်မာစတာချန်ပီယံရှစ်ပြိုင်ပွဲမှာ တိုရှိဆုခဲက ဒုတိယဆု ရခဲ့ပါသေးတယ်။ သူဟာ အသက် ၉၀ အရွယ်အထိ ပြိုင်ပွဲဝင်ဖို့ ဆန္ဒရှိနေပြီး အသက် ၁၀၀ အရွယ်အထိ ကျန်းကျန်းမာမာ နေထိုင်ကာ ကမ္ဘာတစ်ဝန်းက သက်ကြီးရွယ်အိုတွေအတွက် စံပြဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ​