မန်စီးတီး၏ အယူခံအောင်မြင်၍ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရှိ

ဘဏ္ဍာရေး သာတူညီမျှမှု စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ UEFA ရဲ့ ကချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အပေါ် မန်စီးတီးအသင်းရဲ့ အယူခံဝင်မှုက အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။ တနင်္လာနေ့က အားကစားဆိုင်ရာခုံသမာဓိရုံးရဲ့ ထုတ်ပြန်ချက်မှာ မန်စီးတီးအသင်းအပေါ် UEFA ကချမှတ်ထားတဲ့ ဥရောပပြိုင်ပွဲ (၂)နှစ် ပိတ်ပင်မှုနဲ့ ဒဏ်ကြေး ယူရိုသန်း (၃၀) ပေးဆောင်ဖို့ ပြစ်ဒဏ်တွေအနက် ပွဲပိတ်ပင်မှုကို ပယ်ဖျက်ခဲ့ပြီး ဒဏ်ကြေးကိုတော့ ယူရို (၁၀)သန်းသာ ပေးဆောင် စေရမယ်လို့ ရေးသားထားပါတယ်။ မန်စီးတီးဟာ (၂၀၁၂)ကနေ (၂၀၁၆) အတွင်း ဘဏ္ဍာရေး သာတူညီမျှမှု စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဖေဖော်ဝါရီလက ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ အယူခံအောင်မြင်ခဲ့တာကြောင့်  ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲက ပိုမိုအရှိန်ပြင်းလာဖွယ် ရှိနေပါတယ်။