ကြိုးဝိုင်းအတွင်းပြန်လာဖွယ်ရှိကြောင်း ပက်ကွီအို ပြောကြား

ဖိလစ်ပိုင်ဂန္ထဝင်လက်ဝှေ့သမား မန်နီပက်ကွီအိုက လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လာဖွယ်ရှိတယ်လို့ ပြောကြား လိုက်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ပက်ကွီအိုဟာ လာမယ့်ဒီဇင်ဘာလထဲမှာ တောင်ကိုရီးယား ကိုယ်ခံ ပညာရှင် ဒီကေယူမေနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သရုပ်ပြပွဲ ထိုးသတ်မှာဖြစ်ပါတယ်။

အဲဒီသရုပ်ပြပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပက်ကွီအိုက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်မှာ ထိုးသတ်မယ့် သရုပ်ပြပွဲရဲ့ အခြေအနေကိုကြည့်ပြီး အနာဂတ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင် မဝင်ဆိုတာကို ဆုံးဖြတ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပက်ကွီအိုက ပြောသွားခဲ့ပါတယ်။

ပက်ကွီအိုဟာ ကမ္ဘာ့လက်ဝှေ့ သမိုင်းမှာ အတန်း ၈ တန်းစလုံး ချန်ပီယံဖြစ်ခဲ့တဲ့ တစ်ယောက်တည်းသော လက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင် ထားပါတယ်။ ပက်ကွီအိုဟာ ၂၀၂၁ ဩဂုတ် ၂၁ ရက်မှာ ထိုးသတ်ခဲ့တဲ့ အူဂတ်စ်နဲ့ WBA စူပါဝယ်သာဝိတ်တန်းပွဲမှာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လက်ဝှေ့လောက ကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။