Facebook တွင် NUG၊ CRPH၊ PDF တို့ကို အားပေးထောက်ခံပါက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Facebook လူမှုကွန်ရက်တွင် NUG၊ CRPH၊ PDF တို့ကို အားပေးထောက်ခံပါက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လူသုံးအများဆုံးဖြစ်တဲ့ Facebook ကနေ ဖြစ်လာနိုင်တာတွေကို ဥပမာအနည်းငယ်ပေးပြီး ပြောကြားလိုပါတယ်။ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေရဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေ၊ သူတို့ကို အားပေးထောက်ခံတဲ့သူတွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို Like တစ်ခု ပေးလိုက်တာပဲဖြစ်ဖြစ် Share လုပ်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) နဲ့ ငြိစွန်းပါတယ်။ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုတာ ကျွန်တော် အသိပေးပြောကြား လိုပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်တွင် နိုင်ငံ့ဝန်ထမ်းများကို CDM ပြန်လုပ်ရန် တိုက်တွန်းမှုများရှိနေပြီး ယင်းအချက်သည် ဝန်ထမ်းများ၏ စည်းကမ်းသေဝပ်မှုကို ထိခိုက်စေသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထိုသို့ဝန်ထမ်းများ၏ စည်းကမ်းသေဝပ်မှုကို ထိခိုက်စေသော အကြောင်းအရာများ၊ တာဝန်ဝတ္တရားကို ထိခိုက်စေသော အကြောင်းအရာများနှင့် အနှောင့်အယှက်ပေးသော စာသားများ၊ ပုံများကို ကိုယ်တိုင်ရေးသားခြင်း၊ မျှဝေခြင်းတို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နှင့် ငြိစွန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒါတွေဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ငြိစွန်းပါတယ်။ ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းများကို ငွေကြေးအပါအဝင် ပစ္စည်းများ ထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းများကို လုပ်ဆောင်ပါက ကြီးလေးသော အပြစ်ကို ကျူးလွန်ခြင်း ဖြစ်သည့်အတွက် ကြီးလေးသော ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။  source:eleven