ရခိုင်ပြည်နယ်လုံခြုံရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝန်ကြီးများဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ကြီးများ အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဩဂုတ် ၉ ရက်က နေပြည်တော်၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ဆွေးနွေးကာဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတအိမ်တော်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် အဆိုပါအစည်းအဝေး၌ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုများကိုထိန်းချုပ်နိုင်မှု အစီအစဉ်နှင့်လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ပြည်ထဲရေး၊ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က လတ်တလော လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားဖြည့်တင်း ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရေရှည်ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာအစီအမံ လျာထားချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး အသေးစိတ်ကိုမူ ဖော်ပြမထားပေ။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့်အခက်အခဲနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အထောက်အပံ့များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ က ရှင်းလင်းတင်ပြ ခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးဦးကျော်တင့်ဆွေက လူ့အခွင့်အ ရေးကောင်စီအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးတင်ပြခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားနှင့် နိဂုံးချုပ်အမှာစကားများ ပြောကြားသော်လည်း မည်သည့်အချက်များ ပြောကြားသည်ဆိုသည်ကို ဖော်ပြမထားပေ။ မြိုတိုင်းရင်းသား ခုနစ်ဦး အသတ်ခံရပြီး ဒေသခံတိုင်းရင်းသားအချို့ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုကြောင့် ရခိုင်ဒေသလုံခြုံရေးကို အလေးထားစီမံပေးရန် ဒေသခံများအပါအဝင် အမျိုးသားလွှတ်တော်တွင် တိုက်တွန်းဆွေးနွေးနေစဉ် ယခုအစည်းအဝေး ကျင်းပခြင်းဖြစ်သည်။