ထိုင်းတွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသူ ၂ ဦးတွေ့

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊ထောင်ဖာဖူမိမြို့တွင် စက်တင်ဘာ ၁၇ ရက်က ကုန်တင်ကားဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ကုန်တင်ကားအား ထောင်ဖာဖူမိမြို့ တာဝန်ရှိသူများက စစ်ဆေးရန် တားဆီးစဥ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးပြီးနောက် ကားအားစစ်ဆေးရာ ကုန်ပစ္စည်းတင်သည့်နေရာ၌ လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦး (စုစုပေါင်း ၁၅ ဦး)အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ရတ်ချဘူရီခရိုင်နှင့် ချွန်ဖော်ခရိုင်တို့၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက် လာခြင်းဖြစ်ကာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း သိရသည်။ ထို့ပြင် ထိုင်းကျန်းမာရေးဝန်ထမ်းများက ဖမ်းဆီးရမိသူများအား ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရခြင်း ရှိ၊ မရှိစစ်ဆေးရာ ၂ ဦးတွင် ကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိရသဖြင့် Quarantine Centre သို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ အလားတူ ကျန်ရှိသည့် ၁၃ ဦးနှင့် ၎င်းတို့အား ကုန်တင်ကားဖြင့် ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ထောင်ဖာဖူမိမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြသည်။