လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သောအင်အားဖြင့် ဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသည့် ဒေသများ လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သော အင်အားဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။  သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် စက်တင်ဘာ ၁၉ ရက် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် လုံခြုံရေးဆောင်ရွက် နေသည့်အရာရှိကြီးများအား အထက်ပါအတိုင်း ထည့်သွင်းမှာ ကြားခြင်းဖြစ်သည်။  ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတင်းလက်ဦးမှုရရှိရေးနှင့် လုံခြုံရေးကိစ္စရပ်များ ထပ်မံ အမှားအယွင်းမခံနိုင်သောကြောင့် တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန်၊ နယ်စပ်ဒေသ ခြံစည်းရိုးများ ခိုင်ခံ့လုံခြုံမှုရှိရန်၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးစောင့်ကြပ်ခြင်းများ စနစ်တကျ လုပ်ဆောင်ရန် ပြောကြားသည်။

ဘူးသီးတောင်၊ မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသားများ၊ နိုင်ငံသားများနှင့် ဒေသအတွင်း နေထိုင်သူများ အားလုံးကို လူသားချင်းစာနာထောက်ထားမှုအရ စားသောက်ရေး၊ နေထိုင်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု များ လုပ်ဆောင်ပေးရမည်ဖြစ်ပြီး အဓိကအားဖြင့် တိုင်းရင်းသားများ ၏လုံခြုံရေးကို အပြည့်အဝဆောင်ရွက် ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်တွေမှတစ်ဆင့်  ဘူးသီးတောင်မြို့သို့ သွားရောက်ခဲ့ပြီး တောင်ဘဇာရှိ တပ်မိသားစု များနှင့် တွေ့ဆုံ၍ တပ်ဌာနချုပ်ကို ရဲဝံ့စွာ ခုခံကာကွယ်ခဲ့မှုအတွက် နယ်မြေခံတပ်ရင်း အရာရှိ၊ စစ်သည်များအား ချီးကျူးသည်။

ပြီးခဲ့သည့်သြဂုတ် ၂၅ ရက် က တပ်ဌာနချုပ်တစ်ခုအပါအ ဝင် ရဲကင်းစခန်း ၃၀ ကို အစွန်း ရောက်အကြမ်းဖက် များက အင်အားသုံး၍ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ထုတ် ရရှိသော သတင်းများအရ အကြမ်းဖက်အင်အား ၄,၀၀၀ ကျော် ဖြင့် ကြိုတင်စီစဉ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အထက်ပါ တပ်မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။  တပ်မတော်က စက်တင်ဘာ ၅ ရက်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နယ်မြေရှင်းလင်းမှုများ ရပ်တန့်ခဲ့ပြီး အကြမ်း ဖက်ခံရမှုဖြစ်စဉ်နောက်ပိုင်း တစ်လခန့်အကြာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ယင်းဒေသသို့ သွားရောက်ခြင်းလည်းဖြစ်သည်။