ထိုင်ဝမ်ပဋိပက္ခဖြစ်လာပါက အမေရိကအနေဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများအား အသုံးပြုနိုင်ဟု ဖိလစ်ပိုင် သံအမတ်ဆို

ထိုင်ဝမ်-တရုတ်အကျပ်အတည်းတွင် ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အကျပ်အတည်းကယခုထက်ပိုမိုဆိုးရွားလာသည် ရှိသော် အမေရိကန်တပ်ဖွဲ့များအား ၎င်း၏စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးမည်ဟုပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးဟိုဆေးမန်နျူဝယ်လ် ရိုမြူဝယ်လ်ဒေး  က၎င်း၏ ထုတ်ပြန်ချက်တွင် “ကျွန်တော်တို့အတွက် ကိုယ့်လုံခြုံရေးအတွက်အရေးကြီးပါတယ်” ဟုဆိုခဲ့သည်။ သံအမတ်ကြီးသည် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဆွေမျိုးတစ်ဦးဖြစ်ပြီး မနီလာတွင် ဩဇာကြီးမားသည်ဟု သိရသည်။ “စစ်ပွဲတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ဘယ်သူမှမဖြစ်စေချင်ပါဘူး၊တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုပြုလုပ်ခြင်း အားဖြင့် တင်းမာမှုတွေကိုလျှော့ချဖို့ နှစ်နိုင်ငံလုံးကိုတောင်းဆိုလိုပါတယ်။ အခုလိုပြဿနာအားလုံးကို ဖြေရှင်းဖို့ ကြိုးပမ်းနေရတာဟာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေလို့ပါပဲ” ဟု သံအမတ်ကြီးကထပ်လောင်း ပြောကြားသွားသည်။ ဖိလစ်ပိုင်ပိုင်နက်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်သည့် စစ်အခြေစိုက်စခန်း အရေအတွက် တိုးမြှင့်ရန် အတွက်လည်း မနီလာနှင့်ဝါရှင်တန်တို့ဆွေးနွေးနေပြီဖြစ်ကြောင်းလည်း အထူးသံအမတ်ကြီးကပြောကြားခဲ့ပြီး “ကျွန်တော်တို့စစ်တပ်နဲ့အမေရိကန်စစ်တပ်က ဖြစ်နိုင်ခြေရှိတဲ့နယ်ပယ် တွေကို ရှာဖွေနေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

သံအမတ်ကြီး၏ကြေငြာချက်သည် တရုတ်အားစိတ်ပျက်စေခဲ့သည့် အမေရိကမှထိုင်ဝမ်သို့ ဒေါ်လာ ၁ ဘီလီယံကျော်လက်နက်များ ရောင်းချကြောင်း ဘိုင်ဒင်အစိုးရ၏ ကြေငြာချက်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်စစ်သင်္ဘောနှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည်။ ထိုင်ဝမ်နှင့်ဝေးဝေးနေရန် ပေကျင်းကဝါရှင်တန်အား ထပ်ခါတလဲလဲသတိပေးခဲ့ပြီး “တရုတ်တစ်ပြည်တည်းမူဝါဒ”  ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း သတိပေးခဲ့သည်။ သို့သော် ဩဂုတ်လ ကတည်းက ဝါရှင်တန်သည် ထိုင်ဝမ်သို့ကိုယ်စားလှယ်များမကြာခဏစေလွှတ်ကာ ချဉ်းကပ်မှုများပြုလုပ်ခဲ့သည်။

ဝိုင်ယိုသတင်းများအရ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ခရီးစဉ်သည် ၂၅ နှစ်အတွင်း အမေရိက၏ ထိပ်တန်းအရာရှိတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး သူ၏နောက်တွင် အမေရိကန် လွှတ်တော် အမတ်များတိုင်ပေသို့ ဆက်တိုက်သွားရောက်လည်ပတ်ခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်းသည် ထိုင်ဝမ်သို့ပြီးခဲ့သည့်လအနှောင်းပိုင်းက သွားရောက် လည်ပတ်ခဲ့သည့် စတုတ္ထမြောက်လွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ပေလိုစီခရီးစဉ်အပြီး၌ ကျွန်းနိုင်ငံတစ်ဝိုက်တွင် တရုတ်ကစစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ ဖိအားများထပ်မံတိုးမြှင့်ခဲ့သည်။

ယနေ့အစောပိုင်းတွင် တရုတ်တိုက်လေယာဉ်နှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကို ထပ်မံဖြတ်ကျော်ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ဤတွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့သည် တရုတ်ကတောင်တရုတ်ပင်လယ်သည် ၎င်း၏အပိုင်ဖြစ်သည် ဟူသော ခံယူချက်နှင့်ပတ်သက်၍ တန်ပြန်အရေးဆိုမှုများရှိနေသည်ကိုသတိပြုရမည်ဖြစ်ကြောင်းလည်း ရေးသား ထားသည်။ ထို့ကြောင့် ဖိလစ်ပိုင်သည် ၎င်း၏စစ်အခြေစိုက်စခန်းများကို အမေရိကန်မှအသုံးပြုနိုင်ရန် တိုးချဲ့ပေးခြင်း သည် ၎င်း၏ ကိုယ်ပိုင်အကျိုးရရှိရေးအတွက်သာဖြစ်သည့် ဆုံးဖြတ်မှုမျိုးဖြစ်သည်ဟုဆိုသည်။ Source – Wio News