ကျန်းမာရေးထိခိုက်မည့်အရေး စိုးရိမ်ခြင်းကြောင့် ဆွစ်ဇာလန်နိုင်ငံတွင် 5G ကွန်ရက်ကို လူထောင်ချီဆန္ဒပြ

နိုင်ငံတစ်ဝန်း 5G ကြိုးမဲ့ နည်းပညာတပ်ဆင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယင်းစနစ်ကြောင့် လူအများ၏ ကျန်းမာရေး ထိခိုက်မည့်အရေး စိုးရိမ်ကာ ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဘန်းတွင် စနေနေ့က လူထောင်ချီ ကန့်ကွက်ဆန္ဒပြခဲ့သည်။ 5G ကွန်ရက် သုံးနိုင်မည့် ဆက်သွယ်ရေးတိုင်များ နောက်ထပ်တည်ဆောက်မှုကို တားဆီးရန် ကြိုးပမ်းမှုအတွင်း ဆန္ဒပြမှုများက လွှတ်တော်အဆောက် အအုံရှေ့တွင် စုဝေးခဲ့သည်။

သေးငယ်သော မိုနာကိုနိုင်ငံသည် အမေရိကန်က ကြီးမားသော လုံခြုံရေးအန္တရာယ်ဟု ရှုမြင်သည့် တရုတ်ကုမ္ပဏီ ဟွာဝေး၏ နည်းပညာကို အခြေခံသည့် 5G မိုဘိုင်းဖုန်းကွန်ရက်ကို ဇူလိုင်ကမိတ်ဆက်ကာ ဥရောပ၏ ပထမ ဆုံး 5G စနစ်သုံး နိုင်ငံဖြစ်လာသည်။ သို့သော် ဆွစ်ဇာလန်နိုင်ငံရှိ ဝေဖန်သူများက ယင်းစနစ်သစ် က ထုတ်လွှတ်သည့် လျှပ်စစ် သံလိုက်လှိုင်းများသည် ယခင် မိုဘိုင်းဖုန်း နည်းပညာမျိုးဆက်များနှင့် နှိုင်းယှဉ်ပါက မကြုံဖူးသော ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်အန္တရာယ်များ ဖြစ် လာနိုင်သည်ဟု စောဒကတက်နေသည်။

ယင်းနည်းပညာ၏ အန္တရာယ်များကို အသေအချာစိစစ် မလေ့လာမီ နည်းပညာတပ်ဆင်မှု ဆိုင်းငံ့ရေး လူထုဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်သော လက်မှတ်တစ်သိန်း စုဆောင်းနိုင်ရေး ဆန့်ကျင်ကန့်ကွက်သူများက ကြိုးပမ်းနေသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အပါအဝင် ယင်းနည်းပညာသစ်၏ သက်ရောက်မှုများကို လေ့လာနေသော အဖွဲ့အစည်းများစွာရှိပြီး ဆွစ်ဇာလန်အစိုးရက ခန့်အပ်သော ကျွမ်းကျင်သူအဖွဲ့ကလည်း လေ့လာတွေ့ရှိချက်များကို ယခုနှစ်ကုန်တွင် ထုတ်ပြန်မည်ဖြစ်သည်။

—Ref: AFP