ဒုတိယအကြိမ် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

 

ရန်ကုန် မေ ၁၄

စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့် ဂန္ဓမာဟိုးလ်ဆေးလ် (Gandamar Wholesale) Grand Ballroom ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားမှူးက အခမ်း အနားဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့သည်။

ပြောကြားရာတွင်-”တိုင်းပြည်လွတ်လပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ သွေးစည်းညီညွတ်ရေး၊ ဇာတိဂုဏ် ထိန်းသိမ်းမြှင့်တင်ရေး၊ လူငယ်အလင်းပြစတဲ့ အမျိုးသားအကျိုးစီးပွားနဲ့ စပ်ဆိုင်သမျှကိစ္စအားလုံးမှာ မလွတ်တမ်း တာဝန်ကျေခဲ့တဲ့ ဂန္ထဝင်ကဗျာကို ရသစာပေနယ်မှာ ရှင်သန်ဖွံ့ဖြိုးနေအောင် ကျွန်တော်တို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသားကဗျာရဲ့ အခန်းကဏ္ဍ (သို့မဟုတ်) တန်ဖိုးဘယ်လောက်မြင့်မား ပါသလဲဆိုလျှင် ”လူမျိုးတစ်မျိုး၊ လူတစ်စုဟာ ကံမကောင်းအကြောင်းမလှလို့ အဘယ်မျှလောက် ညှိုးငယ်အောက်တန်း နောက်တန်းကျနေစေကာမူ အမျိုးသားကဗျာစိတ် မပျောက်သမျှ (တစ်နည်း) အမျိုးသားကဗျာ တည်ရှိနေ သေးသမျှ အထက်တန်းသို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက် ရှိနေပါသေးတယ်”တဲ့။ ”မည်မျှပင်အား ကောင်းသော အမျိုးဖြစ်စေ ကဗျာစိတ်ပျောက်လျှင် အမျိုးပါပျောက်နိုင်တယ်” ဆိုတာကို ရှေးဟောင်းရာဇဝင် ထုံးများက သက်သေပြလျက်ရှိပါတယ်တဲ့၊ ကဗျာဆိုတာက အမျိုးသားတို့ရဲ့ အမွန်မြတ်ဆုံးသော အမွေအနှစ် ဖြစ်သလို လွတ်လပ်သော လူမျိုးတို့အတွက် အခိုင်မာဆုံးသော အကာအကွယ်ကြီးလည်း ဖြစ်ပါတယ်”တဲ့။ အဲဒါ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ လောက်က လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ ကဗျာပေါင်းချုပ်စာအုပ်မှာ ဆရာကြီး ဇေယျရေးခဲ့တဲ့ အမှာစာလေး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားကဗျာများကို အကြောင်းပြုလို့ အမျိုးသား အခြေခံကဗျာ ဝတ္ထု၊ ဆောင်းပါးများ ရှင်သန်ဖွံ့ဖြိုးရေးကို ကျွန်တော်တို့ သတိရှိရှိနဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့တာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ရာ မဲဇာမြိုင် ဂနိုင်တွင်းမှာ ပန်းတစ်ခင်းပျိုးခဲ့တယ် အမည်ဖြင့် ဆောင်းပါးပေါင်းချုပ်(စာပဒေသာ) အကောင်းဆုံး (စာအုပ်) ဆု ရရှိခဲ့သည့် ရွှေညောင်မြေ မောင်စန်းမြင့်၊ သစ္စာတည်ရာ (မဂ္ဂဇင်းဝတ္ထုတိုများ စုစည်းမှု) အမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ် အကောင်းဆုံး (စာအုပ်) ဆုရရှိသည့် မီမိုး၊ မူးမြစ်ရစ်ခွေ အလှမြေ ကဗျာများ အမည်ဖြင့် ကဗျာပေါင်းချုပ် အကောင်းဆုံး (စာအုပ်) ဆု ရရှိသည့် မောင်ကြည်နွယ် (ပင်လယ်ဘူး) တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆုများချီးမြှင့် ခဲ့သည်။

ထို့နောက် စိမ်းလန်းရွှေပြည်ကဗျာများ အမည်ဖြင့် ကဗျာပေါင်းချုပ် (စာမူ) ပထမဆုရရှိသည့် မင်းသစ်ဝင်း (ကျောက်တံခါး)၊ ငုပ်မိသဲတိုင် ကဗျာများ အမည်ဖြင့် ကဗျာပေါင်းချုပ် (စာမူ) ဒုတိယဆုရရှိသည့် ချစ်စုအောင်၊ တို့ပြည်ထောင်စု မြန်မာပြည်နှင့် အခြားကဗျာများ အမည်ဖြင့် ကဗျာပေါင်းချုပ် (စာမူ) တတိယဆု ရရှိသည့် မောင်ဘုန်းကြွယ် (အေးရွာ) တို့အား မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) က ဆုအသီးသီး ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ ဇာတိပုည ဂုဏ်မာန ဇာတိမာန်ကဗျာ၊ ဘဝ၊ ရသကဗျာများ ကဗျာပေါင်းချုပ် (စာမူ) အထူးဆု (၁) ဆုရရှိသည့် မောင်နီမှိုင်း (ကျောက်တန်း) နှင့် သင့်ရာဝေရာလင်္ကာဆစ်ကုံး တစ်ထုံးလက်ဆောင် အမည်ဖြင့် ကဗျာပေါင်းချုပ် (စာမူ) အထူးဆု (၂) ဆု ရရှိသည့် မောင်ချိုဝေတို့အား မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ) က ဆုများ ချီးမြှင့်ပေး ခဲ့ကြသည်။

ထို့နောက် နိုင်သူပေါ်သွားပြီနှင့် ကိုယ်တွေ့ရသဝတ္ထုတိုများ အမည်ဖြင့် ဝတ္ထုတို ပေါင်းချုပ် (စာမူ) ပထမဆု ရရှိသည့် ထွန်းလှိုင် (မြိုင်)၊ အမေနှင့်အခြားဝတ္ထုတိုများ အမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ် (စာမူ) ဒုတိယဆုရရှိသည့် မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၊ ကြက်တူရွေးဆရာ လွမ်းချင်းသစ်နှင့် အခြားဝတ္ထုတိုများ အမည်ဖြင့် ဝတ္ထုတို ပေါင်းချုပ် (စာမူ) တတိယဆုရရှိသည့် ခန့်ကျော်ထင်လှိုင် (လွိုင်ကော်) တို့အား မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ (မောင်ဆွေသက်) က ဆုများချီးမြှင့် ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသည့် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ကူညီခဲ့ကြသော စာပေပညာရှင်များ ကိုယ်စား ဆရာမောင်ငြိမ်းသူ (ကြို့ပင်ကောက်) အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေး အပ်သည်။

ထို့နောက် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ဆု ရွေးချယ်ရေးအဖွဲ့ကိုယ်စား ဆရာမြင်းမူ မောင်နိုင်မိုးက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စာပေဆုရရှိသူများ ကိုယ်စား ဆုရရှိသူ မီမိုးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆုရွေးချယ်ရေး အဖွဲ့ဝင်များနှင့် ဆုရသူများ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားပြီး မြောက်ခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့သည် ခင်းကျင်းပြသထားသော ဆုရစာအုပ်စာမူများနှင့် ဆုရသူများ၏ ကိုယ်ရေးမှတ်တမ်းများကို လှည့်လည်ကြည့်ရှုပြီးနောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။