ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပဲခူးမြို့နယ်ရှိ ပါတီဝင်များ၊ နိုင်ငံရေးပါတီများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ပဲခူးမြို့နယ်ပါတီရုံး ခန်းမ၌ ပဲခူးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် ပါတီ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသားအကျိုးစီးပွား အရေး၊ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုများ၊ လက်ရှိအစိုးရမှ နိုင်ငံတော်သမ္မတ၏ အထူးရံပုံငွေ သန်းပေါင်း ၆၀၀၀ အသုံးပြုထားသည့် လူမှုကွန်ယက် စာမျက်နှာဖြစ်သည့် ဖေစ့်ဘွတ်စောင့်ကြည့်ရေးနှင့် ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းနှင့် ပါတီဥက္ကဌ ဦးသန်းဌေး၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်တို့မှ ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အစီအစဉ်အရ အခမ်းအနားအား ကြွေးကြော်သံများ ဟစ်ကြွေးကြကာ ရုတ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံဦးဥာဏ်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာ နန္ဒာလှမြင့်၊ ဒေါ်နီနီမာ နှင့် ပါတီဝင် (၅၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။