ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ သောက်သုံးရေသန့်များ လှူဒါန်း

 

ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း ရပ်ကွက် သောက်သုံးရေအတွက် အခက်အခဲဖြစ်နေမှုကို ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ နှစ်စဉ်နှစ်တိုင်း ရေအကူအညီ ပေးဝေခဲ့ရာ ယခုနှစ်လည်း ကန်ရေများခန်းခြောက်၍ သောက်သုံးရေများ လိုအပ်နေသည်ကို ယမန်နေ့ နံနက် ၉ နာရီက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးအတွင်းရေးမှူး ဒေါက်တာကျော်စိုး ဦးဆောင်၍ နယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စန်းစန်းဝင်း (အမျိုးသမီးရေးရာတာဝန်ခံ)၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမိုးဝင်းကျော် (လူငယ်ရေးရာတာဝန်ခံ)၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များမှ ရေကန်များ ခန်းခြောက်နေမှုကို နယ်မြေတာဝန်ခံ ဦးသိန်းဇော်၊ စစ်မှုထမ်းဟောင်း မြို့နယ်ဥက္ကဋ္ဌ ဗိုလ်ကြီးထွန်းဟန်ဝင်းနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်အတူ လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးရန် တိုင်းဒေသကြီးအတွင်းရေးမှူး ဒေါက်တာ ဦးကျော်စိုးက လမ်းညွှန်ခဲ့ပြီး သောက်သုံးရေဘူး ၁၅ဝဝ ကျော်အား ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မိသားစုဝင်များမှ အလှူငွေ စုပေါင်းထည့်ဝင် လှူဒါန်း ပေးခဲ့ကြသည်။

အဆိုပါ သောက်သုံးရေများကို မြို့နယ်၊ ရပ်/ကျေး ကော်မတီဝင်များ၊ လူငယ်အမျိုးသမီး အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီမှ စတင်ပြီး ရေများဖြန့်ဝေပေးခြင်း၊ တစ်အိမ်တက်ဆင်း ရေဘူးများ လိုက်လံဝေပေးခြင်းကို ဆောင်ရွက် ခဲ့ကြသည်။ အဆိုပါ သောက်သုံးရေလှူဒါန်းပွဲသို့ ဒဂုံတောင်မြို့နယ် ကြက်ခြေနီဥက္ကဋ္ဌနှင့်တပ်ခွဲမှူး၊ တပ်ဖွဲ့ဝင်များမှလည်း ပူးပေါင်းပါဝင် လုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)