အမေရိကန်ခရီးစဉ်မှ ဆောလျင်စွာ ပြန်လာမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြောကြား

တဲလ်အဗစ်မြို့ အနီး ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် လူခုနစ်ဦး ဒဏ်ရာရပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အမေရိကန်ခရီးစဉ်မှ ဆောလျင်စွာ ပြန်လာမည်ဟု မတ်လ ၂၅ ရက်တွင် ပြောသည်။

ဒုံးကျည်ကို ဟာမားစ် စစ်သွေးကြွအဖွဲ့က ထိန်းချုပ်ထားသော ဂါဇာဒေသဘက်မှ ပစ်လွှတ်ခြင်းဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပြီး အစ္စရေးအနေဖြင့် အပြည့်အဝ တုံ့ပြန်မည် ဟု နေတန်ညာဟုက ပြောသည်။

ဧပြီ ၉ ရက် ရွေးကောက်ပွဲ မတိုင်မီ မတ်လ ၂၄ ရက်က အမေရိကန်သို့ လေးရက်ကြာခရီးစဉ်ရောက်ရှိနေသူ နေတန်ညာဟု က စီစဉ်ထားသည့်အတိုင်း မတ်လ ၂၅ ရက် နှောင်းပိုင်းတွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံပြီးနောက် အစ္စရေးသို့ ချက်ချင်းပြန်မည်ဟု ပြောသည်။ တဲလ်အဗစ်မြို့အနီးရှိ စိုက်ပျိုးရေးမြို့ မစ်ရှ်မီရတ်တွင် တနင်္လာနေ့ အစောပိုင်းက တိုက်ခိုက်ခံရမှုသည် ဂါဇာနယ်စပ် အပတ်စဉ် ဆန္ဒပြပွဲများ တစ်နှစ်ပြည့် မတိုင်မီ တင်းမာမှုမြင့်တက်နေချိန်၌ ဖြစ်ပွားခြင်းဖြစ်သည်။ ‘‘လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်တွေကြောင့် အမေရိကန်ခရီးစဉ်ကနေ စောစောပြန်လာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ တာပါ’’ဟု နေတန်ညာဟုက ပြောကြားပြီး ဒုံးကျည်ပစ်လွှတ်မှုကို စက်ဆုပ်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုအဖြစ် ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဂါဇာနယ်စပ်သို့ စစ်ကူတပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်လိုက်ပြီဖြစ်ကြောင်း အစ္စရေး မီဒီယာများက ဖော်ပြပြီး ယင်းတိုက်ခိုက်မှုကို ဟာမားစ်အဖွဲ့က ပြုလုပ်ခဲ့သည် ဟု အစ္စရေးစစ်တပ်က စွပ်စွဲ သည်။

—Ref: Reuters