မိုဆူးလ်မြို့၏ ၉၀ ရာခိုင်နှုန်းကျော်ကို အိုင်အက်စ်လက်မှ ပြန်ရဟု အီရတ် ပြော

အီရတ်နိုင်ငံ မိုဆူးလ်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အိုင်အက်စ် အကြမ်းဖက်သမားတွေ လက်ကနေ ပြန်ရပြီလို့ အီရတ်အစိုးရ ပြောခွင့်ရက ဆိုပါတယ်။

အီရတ်နိုင်ငံ မြောက်ပိုင်းက မိုဆူးလ်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် အကြမ်းဖက်သမားတွေ လက်ထဲကနေ ပြန်ရပြီလို့ အီရတ်အစိုးရ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

မိုဆူးလ်မြို့ အနောက်မြောက်ဘက်က စစ်မျက်နှာသစ်ကို ဖွင့်အပြီးမှာ အစွန်းရောက်သမားတွေဆီက ကာနီဆာ ဒေသကို သိမ်းပိုက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ မီဒီယာအကြံပေး ဝါဟက်ဘ် အယ်လ်တိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ အစိုးရတပ်တွေက ဟာမတ်ဒေသကို ပြန်ရခဲ့တာပါ။ ဒီဒေသတွေဟာ မိုဆူးလ်ရဲ့ အရေးကြီးတဲ့ဒေသ ၂ ခုပဲလို့ သူက ဆက်ပြောပါတယ်။

မိုဆူးလ်မြို့ကို ပြန်ရတဲ့အောင်ပွဲဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဆုံးသတ်တော့ မဟုတ်ဘူး၊ အကြမ်းဖက် ဝါဒ ကျဆုံးဖို့ လုပ်စရာတွေ အများကြီးကျန်နေပြီး နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ လိုလိမ့်မယ်လို့ အယ်လ်တိုင်က အလေးအနက် ပြောပါတယ်။

အီရတ်အနောက်ပိုင်းက ဆီးရီးယားနဲ့ နယ်စပ် ကီလိုမီတာ ၄၈၀ ကို ကာကွယ်ဖို့ နယ်စပ်ကာကွယ်ရေးဗျူဟာကို ချထားပြီး နိုင်ငံတကာ ပူးပေါင်းအားထုတ်မှု အများကြီး လိုအပ်တယ်လို့ သူက ဆိုပါတယ်။

အီရတ်နိုင်ငံအတွင်း မြို့တွေမှာ ပုန်းနေတဲ့ အကြမ်းဖက်သမားဦးရေ အမြောက်အမြား ကျန်ရှိနေဆဲမို့ သူတို့ အားလုံးကို နှိမ်နင်းဖို့က လွယ်တဲ့အလုပ် မဟုတ်ဘူးလို့ သူက ပြောခဲ့ပါတယ်။

(DVB)