ရောမမြို့တော်ဝန် ရာထူးကို အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် ရယူ

_90029258_d352750b-3072-40ce-8375-fa6bd84347c9

အီတလီနိုင်ငံ၊ ရောမမြို့တော်တွင် သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦး မြို့တော်ဝန် ဖြစ်လာတော့မည်ဟု သိရှိရသည်။ အတိုက်အခံအဖြစ် ရပ်တည်နေသည့် ကြယ်ငါးပွင့် လှုပ်ရှားမှု ပါတီသည် နိုင်ငံ၏ မြို့တော်ဝန် ရွေးကောက်ပွဲများ၌ ရောမနှင့် တူရင်ကဲ့သို့ မြို့ကြီးများတွင် အောင်ပွဲခံနိုင်ခဲ့ကြောင်း အစောပိုင်း မဲရေတွက်မှု ရလဒ်များအရ အတည်ပြုနိုင်ခဲ့သည်။

ယခုရလဒ်များသည် ဝန်ကြီးချုပ် မက်တီယိုရန်ဇီ၏ လက်ရှိ အာဏာရ လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီအတွက် ထိုးနှက်ချက် ဖြစ်လာသည်။ မည်သို့ပင်ဖြစ်စေ ဒီမိုကရက်တစ် ပါတီသည် စီးပွားရေးမြို့တော် မီလန်နှင့် ဘိုလော့ဂ်နာတို့တွင်မူ အောင်ပွဲခံနိုင်ခဲ့သည်။

ယခုနိုင်ပွဲက ဂလိုဘယ်လိုင်ဇေးရှင်း ဝါဒကို ဆန့်ကျင်သည့် ကြယ်ငါးပွင့် လှုပ်ရှားမှု ပါတီအတွက် ၂၀၁၈ ရွေးကောက်ပွဲတွင် အရေးပါသည့် အင်အားစုတစ်ခု ဖြစ်လာစေကြောင်း လေ့လာသူများက ဆိုသည်။ ဗာဂျီးနီးယား ရက်ဂေးသည် ရောမမြို့တော်၏ သမိုင်းတလျှောက်တွင် ပထမဆုံးအကြိမ် အမျိုးသမီး မြို့တော်ဝန်အဖြစ် တာဝန်ယူခွင့် ရတော့မည် ဖြစ်ကြောင်း အီတလီ မီဒီယာများက ဆိုသည်။ အသက် ၃၇ နှစ်ရှိ ရှေ့နေ အမျိုးသမီးသည် ပြီးခဲ့သည့် လပိုင်းများအတွင်း လျင်မြန်စွာ လူသိများလာပြီး မဲအရေအတွက် သုံးပုံနှစ်ပုံကို သိမ်းပိုက်ကာ ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက် ရောဘတ် ဂီယန်ချက်တီကို အနိုင်ရသွားခြင်း ဖြစ်သည်။

“ကျွန်မဟာ ရောမမြို့တော်သူ မြို့တော်သား အားလုံးအတွက် ကောင်းကျိုးပြုနိုင်တဲ့ မြို့တော်ဝန် ဖြစ်စေရမယ်။ နှစ် ၂၀ လောက် ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုတွေ ကြုံခဲ့ရပြီးချိန်မှာ မြို့တော်ရဲ့ အုပ်ချုပ်မှု ကဏ္ဍအတွက် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုကို ပြန်ယူဆောင်ပေးမယ်။ အခု ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပါမယ်”ဟု ရက်ဂေးက ပြောကြားခဲ့သည်။ ရက်ဂေးအနေဖြင့် လက်ရှိမြို့တော်၏ ကြွေးမြီတင်ရှိမှု ယူရို ၁၃ ဘီလီယံမျှကို ဖြေရှင်းပေးဆပ်ရန် ကြိုးစားရမည် ဖြစ်သည်။ အဆိုပါ ငွေကြေးပမာဏသည် ရောမမြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ တစ်နှစ်စာ လျာထားဘတ်ဂျတ်၏ နှစ်ဆနှင့် ညီမျှသည်။

ရောမတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း လမ်းများ၌ ကျင်းချိုင့်များ ထူပြောလာမှု၊ အမှိုက်သရိုက်များ စုပုံနေမှု၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ချွတ်ယွင်းချက် များပြားနေမှုများအပေါ် မြို့ခံလူထုက အကြီးအကျယ် စိတ်ပျက်နေကြောင်းလည်း သိရှိရသည်။              – Ref: BBC


Leave a Reply