လစာမညီမျှ၍ တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းအယ်ဒီတာ ရာထူးမှ နုတ်ထွက်

ကိုယ်တိုင်ရေးသားခဲ့သော အိတ်ဖွင့်ပေးစာတစ်စောင်အရ လစာပေးချေရာတွင် အမျိုးသား လုပ်ဖော်ကိုင်ဖက်များ နှင့် တန်းတူမရရှိမှုကြောင့် တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီအယ်ဒီတာ ကာရေးဂရေစီသည် ရာထူးမှ နုတ်ထွက်ခဲ့ သည်ဟု ဆိုသည်။

အမျိုးသားဝန်ထမ်းများကို လစာငွေပိုပေးမှုကြောင့် ဘီဘီစီ သည် လတ်တလောအတွင်း ဝေဖန်ခံနေရပြီး ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျား၊ မ ကွာဟချက် ပပျောက်အောင် ဆောင်ရွက်မည် ဟု ကတိပြုထားသည်။

ဘီဘီစီ ရုပ်သံလွှင့်သတင်းဌာနတွင် ယုံကြည်မှုအကျပ်အတည်းတစ်ခုရှိကြောင်း ဇန်နဝါရီ ၇ ရက်က ၎င်း၏ ကိုယ်ပိုင် ဘလော့ဂ်တွင် တင်ခဲ့သည့်စာထဲ၌ ဂရေစီက ရေးသားခဲ့သည်။

ဘီဘီစီတွင် နှစ်ပေါင်း(၃၀) အလုပ်လုပ်ခဲ့သူ ဂရေစီက ဘီဘီစီသည် တန်းတူညီမျှရေးဥပဒေကို ချိုးဖောက်ခဲ့ပြီး မျှတ၍ ပွင့်လင်း မြင်သာမှုရှိသော လစာပေးချေပုံ စနစ်ဆိုင်ရာ ဖိအားကို တင်းခံခဲ့ ကြောင်း ပြောကြားသည်။

ဘီဘီစီသည် နိုင်ငံတကာ အယ်ဒီတာ လေးဦးရှိပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဖြစ်ကြောင်း၊ ယင်းအမျိုးသမီး နှစ်ဦးအနက် တစ်ဦးသည် ၎င်းဖြစ် ကြောင်း ဂရေစီက ပြောကြား သည်။

လစာပြဿနာဖြေရှင်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် ဘီဘီစီ က ပြီးခဲ့သည့်နှစ်က ထိပ်တန်း လစာရဝန်ထမ်း စာရင်းကို ထုတ်ပြန်စဉ် ရာထူးချင်းတူသည့် အမျိုးသားများက အမျိုးသမီးများထက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း လစာ ပိုရသည်ကို သိခဲ့ကြောင်း ဂရေစီက ပြောသည်။

ထို့နောက် ၎င်းကို လစာတိုးပေးခဲ့သော်လည်း ယင်းလစာနှုန်းထားသည် အမျိုးသားများ၏ လစာကို လိုက်မမီကြောင်း ဂရေစီက ပြောသည်။

ဂရေစီသည် ပြီးခဲ့သည့်သီ တင်းပတ်က ဘေဂျင်းရှိ ရာထူးမှ ထွက်ကာ ဘီဘီစီတီဗီသတင်းခန်းရှိ  အလုပ်ဟောင်း သို့ ပြန်ခဲ့သည်။

ဘီဘီစီတွင် လစာပေးရာ၌ မျှတမှုရှိရေးသည် အလွန်အရေး ကြီးကြောင်း၊ အမှီအခိုကင်းသည့် တရားသူကြီးတစ်ဦး ဦးဆောင်သော လစာကိစ္စစာရင်းစစ်ဝင်ရောက်မှုတွင် အမျိုးသမီးများအပေါ် စနစ်တကျခွဲခြားနှိမ့်ချခြင်း လုံးဝ မရှိကြောင်း ဘီဘီစီပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားသည်။  —Ref: Reuters