10 နှစ်ကြာပြီးမှ လိဂ်ဖလားဆုတံဆပ်ကို ရရှိခဲ့တဲ့ ဒီဖိုး

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သက်တော်ရှည်တိုက်စစ်မှူးဂျာမိန်းဒီဖိုးဟာ လွန်ခဲ့တဲ့ 10 နှစ်ကရရှိခဲ့တဲ့ လိဂ်ဖလား ချန်ပီယံဆုအတွက် ဆုတံဆိပ်ကို တနင်္လာနေ့ကမှ လက်ခံရရှိခဲ့ပါတယ်။

အသက် 36 နှစ်အရွယ် တိုက်စစ်မှူးဒီဖိုးဟာ 2007-08 ရာသီက စပါးအသင်းအတွက် လိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ ပါဝင်ကစားခဲ့ပြီး ဗိုလ်လုပွဲမကစားခင် 1 လအလိုရောက်မှ ပို့စ်မောက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီနှစ်က ဗိုလ်လုပွဲမှာ စပါးက လန်ဒန်ဒါဘီပြိုင်ဘက် ချဲလ်ဆီးကိုအနိုင်ရခဲ့တာဖြစ်ပြီး ဒီဖိုးဟာ ပဉ္စမအဆင့်မှာ မန်စီးတီးနဲ့ဆုံတွေ့တုန်းကလည်း ဂိုးသွင်းပေးခဲ့သေးတာပါ။

အဲဒီအချိန်က စပါးအသင်းသားတွေရဲ့ ချန်ပီယံအောင်ပွဲခံမှုမှာ ဒီဖိုးပါဝင်ခွင့် မရခဲ့သလို ဆုတံဆိပ် ပေးအပ်ခံရသူတွေထဲမှာလည်း မပါဝင်ခဲ့ပါဘူး။ အဲဒီဖြစ်ရပ်ကို အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်က လေ့လာတွေ့ရှိ သွားပြီးနောက်ပိုင်းမှာ ဒီဖိုးကို ဆုတံဆိပ်လာရောက်ပေးအပ်ခဲ့တာပါ။ တနင်္လာနေ့က လက်ရှိမှာ ဒီဖိုးကစားနေတဲ့ ဘုန်းမောက်အသင်း လေ့ကျင့်ရေးကွင်းကို အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ဆုတံဆိပ် လာရောက် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

10 နှစ်အကြာရောက်မှ ဆုတံဆိပ်ပြန်ရခဲ့ခြင်းအတွက် ဒီဖိုးကလည်း ၀မ်းသာစကားဆိုခဲ့ပါတယ်။ ”အဲဒီအချိန်က အသင်းကို ဗိုလ်လုပွဲရောက်အောင် ကူညီနိုင်ခဲ့တာကို မှတ်မိပါသေးတယ်။ နောက်တော့ သူတို့တွေ အောင်ပွဲခံတာကို စောင့်ကြည့်အားပေးခဲ့ပါသေးတယ်။ ကလပ်ရဲ့သမိုင်းမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့် ရခဲ့တဲ့ အတွက် အလွန်ကျေနပ်ခဲ့မိတာပါ”လို့ ဒီဖိုးကဆိုခဲ့ပါတယ်။ ၀ါရင့်တိုက်စစ်မှူး ဒီဖိုးဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ဘုန်းမောက်အသင်းအတွက် 7 ပွဲပါဝင်ကစားထားပြီး သွင်းဂိုး ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

-Ref: Skysports