ကန်ဟက်ဆီဂါဝါကို သုံးချီအတွင်း အလဲထိုး အနိုင်ယူမည်ဟု အောင်လအန်ဆန် ကြုံးဝါး

 MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် ပြိုင်ဘက်ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါကို သုံးချီ အတွင်း အလဲထိုးအနိုင်ယူမည်ဟု လက်ရှိ ချန်ပီယံ အောင်လအန်ဆန်က ကြုံးဝါးသည်။

အဆိုပါ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဂျပန်ကစားသမားကို အလဲထိုးအနိုင်ယူရန် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကိုးပတ်ခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားကြောင်း အောင်လအန်ဆန်က ဆိုသည်။

‘‘ဒီပွဲအတွက် တစ်ရက်ကို နှစ်ကြိမ် ပြင်းပြင်းထန်ထန်လေ့ကျင့်တယ်။ ပြိုင်ဘက်အကြောင်း လေ့လာတယ်။ ဂျပန်မှာ နံပါတ် (၁) ကစားသမားပါ။ ဂျူဒိုကောင်းတယ်။ နပန်းနဲ့ ချုပ်အားလည်း ကောင်းတယ်။ ခံနိုင်ရည်ရှိတယ်။ အရင်ပွဲလိုမျိုး ပထမအချီအတွင်းမှာ အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူး။ တတိယအချီမှာတော့ ကျွန်တော် အလဲထိုး အနိုင်ယူပါမယ်။ ဘယ်လိုနည်းနဲ့ အနိုင်ယူမလဲ ကြိုမပြောချင်ပေမယ့် သူ့ကိုနိုင်ဖို့ Game Plan ဆွဲထားပါတယ်။ နိုင်မယ်လို့လည်း ယုံကြည်မှု အပြည့်ရှိပါတယ်’’ဟု အောင်လအန်ဆန်က ဇွန်လ ၂၃ ရက်တွင် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် က ပြုလုပ်သည့် ၂၀၁၇ မြန်မာ့အကောင်းဆုံး အားကစားသမားဆု ပေးပွဲ၌ ပြောကြားသည်။

မြန်မာ့စပါးအုံးဟု ကျော်ကြားသည့် အောင်လအန်ဆန် သည် ၂၀၁၇ ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာ လီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။ အသက်(၃၃)နှစ်အရွယ် အောင်လအန်ဆန် သည် MMA ပြိုင်ပွဲ တစ်လျှောက် ၃၂ ပွဲ ယှဉ်ပြိုင်ပြီး ၂၂ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။

အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့် ကန်ဟက်ဆီဂါဝါသည် ၂၀၁၀ ပြည့်နှစ်က စတင်ကာ ဂျပန်နိုင်ငံ၏ MMA ပြိုင်ပွဲများ ဖြစ်သည့်Deep နှင့် Rizin ပွဲများတွင် ထိုးသတ်ခဲ့ပြီး Deep MMA အလွတ် တန်းချန်ပီယံဖြစ်သည်။ အသက် (၃၁) နှစ်အရွယ် ကန်ဟက်ဆီဂါဝါသည် MMA ပြိုင်ပွဲ ၁၉ ပွဲထိုးသတ်ခဲ့ကာ ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲ ရှုံးထားသည်။

7Days