လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ဖွယ်ရှိကြောင်း ပက်ကွီအို အရိပ်အမြွက်ဆို

LAS VEGAS, NEVADA - APRIL 09:  Manny Pacquiao looks to strike Timothy Bradley Jr. during their welterweight championship fight on April 9, 2016 at MGM Grand Garden Arena in Las Vegas, Nevada. Pacquiao won by unanimous decision.  (Photo by Christian Petersen/Getty Images)

လက်ဝှေ့ကြိုးဝိုင်းများထဲ တစ်ကျော့ပြန် ခြေချလာနိုင်ကြောင်း မန်နီ ပက်ကွီအိုက အရိပ်အမြွက် မတင်မကျ ပြောကြားလိုက်သည်။

ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့ချန်ပီယံဟောင်းသည် ယခုအခါ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူပြီး ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်ထဲတွင် နေရာတစ်ခု အခိုင်အမာ ရယူထားပြီ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် တစ်နေရာအတွက် ရွေးချယ်ခံခဲ့ရသည်။

ပက်ကွီအိုက လက်ဝှေ့လောကကို ယတိပြတ် စိတ်ဖြတ်နိုင်ခြင်း မရှိသေးကြောင်း ထုတ်ပြောခဲ့သည့်နောက် ကမ္ဘာ့ လက်ဝှေ့ ဝါသနာအိုးများအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာသော်လည်း တစ်ဖက်တွင် ပက်ကွီအို အနေဖြင့် နိုင်ငံရေးသမား ဘဝကို အပြည့်အဝ အာရုံစိုက်နိုင်မည် မဟုတ်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာသည်။

လက်ဝှေ့ပွဲ စီစဉ်သူ ဘော့ဘ်အာရမ်က ယခုနှစ်ကုန်ပိုင်းတွင် လာ့စ်ဗီးဂက်စ်၌ ပက်ကွီအို အနေဖြင့် ပွဲတစ်ပွဲ ပါဝင် ထိုးသတ်မည်ဟု မှတ်ချက်ပေးခဲ့ရာ ပက်ကွီအို၏ တစ်ကျော့ပြန် လက်ဝှေ့ပွဲသတင်းမှာ ပိုမို အရှိန်ကောင်းလာခဲ့သည်။ ပက်ကွီအို ကိုယ်တိုင်ကမူ ယင်းနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ လက်ဝှေ့ ပြန်ထိုးမည့် ကိစ္စကို ဝန်ခံခြင်း၊ ငြင်းဆန်ခြင်း မရှိဘဲ မတင်မကျသာ ပြောကြားထားသည်။

“တကယ်လို့ လက်ဝှေ့ပွဲတစ်ပွဲ ဖြစ်မြောက်ခဲ့မယ် ဆိုရင်တောင် ကျွန်တော့် နိုင်ငံရေးဘဝကို အဟန့်အတား အနှောင့်အယှက် မဖြစ်အောင် သတိထားမှာပါ။ လက်ဝှေ့ဆိုတာဟာ ကျွန်တော့်အတွက် တစ်ခုတည်းသော အသက်မွေးအလုပ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့၊ သူတို့ လိုအပ်တာတွေကို ဖြည့်ဆည်းနိုင်ဖို့ လက်ဝှေ့အားကစားက ကူညီခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆိုတာကတော့ ကျွန်တော့်အတွက် တာဝန်ယူမှု တစ်ခုအနေနဲ့ ခံယူပါတယ်။ အသက်မွေး အလုပ်တစ်ခုလို့ ဘယ်တုန်းကမှ သဘောမထားခဲ့ပါဘူး”ဟု ပက်ကွီအိုက ဆိုသည်။

ယခုကြေညာချက်နှင့် ပတ်သက်ပြီး ပက်ကွီအို အနေဖြင့် လက်ဝှေ့အတွက် လေ့ကျင့်ချိန် ယူရသောကြောင့် လွှတ်တော် ဝတ္တရားများ ပျက်ကွက်လာနိုင်ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်လာသည်။ ပက်ကွီအိုသည် လက်ဝှေ့နယ်ပယ်မှ ရရှိသည့် ဆုကြေးများကြောင့် ဖိလစ်ပိုင်တွင် အချမ်းသာဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်နေပြီး ၂၀၁၅ ခုနှစ် စာရင်းများအရ ၎င်း၏ ကြွယ်ဝမှုသည် ဒေါ်လာ ၆၉ သန်းမျှ ရှိနေကြောင်း သိရသည်။

Ref: CNN


Leave a Reply