မြန်မာယူ ၂၁ အသင်း တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

တရုတ်ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြန်မာယူ ၂၁ အသင်းသည် တရုတ် ယူ ၂၁ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၄ရက်မှ ၈ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် တရုတ်ယူ ၂၁ အသင်း၊ ဥဇဘက်ကစ္စတန် ယူ ၂၁ အသင်း၊ တာဂျစ်ကစ္စတန် ယူ ၂၁ အသင်းနှင့် မြန်မာယူ၂ ၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

“ မြန်မာယူ ၂၁ အသင်းဟာ ၂၀၁၉ ခုနှစ်အတွင်း အာဆီယံ ယူ ၂၂ ပြိုင်ပွဲ၊ ဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၂၀ မှာလုပ်မယ့် အာရှယူ ၂၃ ခြေစစ်ပွဲ စတဲ့ပြိုင်ပွဲတွေ ၀င်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အခုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
မြန်မာယူ ၂၁ အသင်းကို နည်းပြချုပ်အဖြစ် ပြီးခဲ့သည့် စင်ကာပူ ဆီးဂိမ်းတွင် ငွေတံဆိပ်ရရှိစေရန် စွမ်းဆောင် ပေးခဲ့သော ဦးကြည်လွင်က ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

ဦးကြည်လွင် အနေဖြင့် မြန်မာ့လက်ရွေးစင် နည်းပြဟောင်း ဂတ်ဇီဆီနှင့် တွဲဖက်လုပ်ကိုင်ဖူးပြီး လက်ရွေးစင် အသင်း၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသည်။

မြန်မာယူ ၂၁ အသင်းကို မြန်မာ ယူ ၁၉ အသင်းမှ ကစားသမားများဖြင့် အခြေခံဖွဲ့စည်းသွားမည် ဖြစ်ပြီး၊ MNL ယူ ၂၁ ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနေသော ကစားသမားများကိုလည်း ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။