ပျဉ်းမနားတွင် မြို့နယ်နှင့်ရပ်ကျေးပုံမှန်တွေ့ဆုံပွဲနှင့် ထိုင်းနိုင်ငံစိုက်ပျိုးရေးသင်တန်းအတွေ့အကြုံများ သရုပ်ပြပွဲ ကျင်းပ

ပျဉ်းမနား၊ ဒီဇင်ဘာ ၉

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၂/၂ဝ၁၈) နှင့် ထိုင်းနိုင်ငံစိုက်ပျိုးရေးသင်တန်း အတွေ့အကြုံများ သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စု နယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ၃၆ အုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ပထမဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပါတီမှ ဆန်ဆီများ ရောင်းချနေမှု၊ အခမဲ့ဆေးဝါး ကုသနေမှု၊ ယနေ့အစည်းအဝေး၌ စိုက်ပျိုးရေးသရုပ်ပြမည့် အစီအစဉ်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်က စိုက်ပျိုးရေးသင်တန်းအတွေ့အကြုံများ ရှင်းလင်းခဲ့ပြီး ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်က သရက်နှင့်သစ်ခွ စိုက်ပျိုးရေးကို လည်းကောင်း၊ မြို့နယ် အတွင်းရေးမှူး ဦးဇော်တူးအောင်က အားဆေး နှင့် မှိုသတ်ဆေးအကြောင်းကို လည်းကောင်း၊ မြို့နယ်ကော် မတီဝင် ဦးအောင်နိုင်စိုးက နာနတ် နှင့် မုန်လာဥစိုက်ပျိုးရေးကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မှိုသတ်ဆေး နှင့် အားဆေးအတွက် သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။

ထက်ဦး(ပျဉ်းမနား)