သတင်းထောက်ပျောက်ဆုံးမှုမှာ ဆော်ဒီကောင်စစ်ဝန်ရဲ့ နေအိမ်ထဲ တူရကီရဲတွေ ၀င်ရောက်ရှာဖွေ

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၁၈

တူရကီမြို့တော် အစ္စတန်ဘူလ်က ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးမှာ နောက်ဆုံးတွေ့လိုက်ရတဲ့ သတင်းထောက် ဂျာမယ်ခါရှိုဂျီ ပျောက်ဆုံးမှုမှာ တူရကီရဲတွေဟာ ဆော်ဒီ ကောင်စစ်ဝန်ရဲ့ နေအိမ်ကို အောက်တိုဘာ ၁၇ ရက်မှာ စီးနင်းရှာဖွေပါတယ်။

ဆော်ဒီကောင်စစ်ဝန် မိုဟာမတ်အယ်အိုတိုင်ဘီဟာ တူရကီကနေ ဆော်ဒီဆီ ပြန်သွားပြီး နောက်တစ်ရက်မှာပဲ ရဲနဲ့ ရှေ့နေအပြင် မူခင်းဆရာဝန်တွေပါ ပါတဲ့ ရှာဖွေရေးအဖွဲ့ဟာ ၎င်းရဲ့ နေအိမ်ကို ခုလို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။

ဆော်ဒီအုပ်ချုပ်ရေး အသိုင်းအ၀န်းကို ဝေဖန်တဲ့ သတင်းထောက် ခါရှိုဂျီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးဝင်းအတွင်းမှာ အသတ်ခံရတာဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေအဖြစ် အသံဖိုင်တစ်ခု ရထားကြောင့် တူရကီက အစောပိုင်းမှာ ပြောထားရာ အမေရိကန်က အဲဒီအသံဖိုင်ကို တောင်းလျက်လည်း ရှိနေပါတယ်။

အခု ဆော်ဒီကောင်စစ်ဝန်ရဲ့ နေအိမ်အတွင်း တူရကီအဖွဲ့ စီးနင်းရှာဖွေမှုမှာ ဆော်ဒီကိုယ်စားလှယ်အဖွဲ့လည်း ရောက်ရှိလာပြီး ပူးပေါင်းစုံစမ်းရှာဖွေမှုတွေ လုပ်ဆောင်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က တူရကီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ၀င်ရောက်ရှာဖွေပြီး မြေနမူနာနဲ့ DNA နမူနာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ယူဆောင်သွားတာလည်း ဖြစ်ပါတယ်။

ဆော်ဒီမင်းသား မိုဟာမတ်ဘင်ဆော်လမန်ကို ဝေဖန်ရေးသားလေ့ ရှိတဲ့ သတင်းထောက် ခါရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ၀င်ရောက် သွားတာကို နောက်ဆုံး မြင်တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။

တူရကီမီဒီယာက ခါရှိုဂျီကို ကောင်စစ်ဝန်ရုံးအတွင်း လုပ်ကြံသုတ်သင်ရေးအဖွဲ့က အပိုင်းပိုင်းဖြတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  ရေးသားဖော်ပြကြပါတယ်။

-Ref:AFP