ထိုင်ဝမ်သို့ လာရောက်သူများ ကွာရန်တင်းဝင်ရမည့် သတ်မှတ်ချက်ကို ရုပ်သိမ်းမည်ဟု ထိုင်ဝမ်အစိုးရကြေညာ

ထိုင်ဝမ်သို့ ဝင်ရောက်လာသူများအနေဖြင့် မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် သတ်မှတ်ချက်ကို အောက်တိုဘာ ၁၃ ရက်မှစတင်၍ အဆုံးသတ်တော့မည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက စက်တင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့ပြီး ထိုင်ဝမ်ကျွန်းကို ပြင်ပကမ္ဘာနှင့် ပြန်လည်ချိတ်ဆက်ဖွင့်လှစ်ရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ကို အပြီးသတ် လုပ်ဆောင်ခဲ့သည်။

အာရှဒေသ၏ အခြားသော နေရာအများအပြားတွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ချမှတ်ထားသည့် စည်းမျဉ်းများကို ဖြေလျှော့ခြင်း သို့တည်းမဟုတ် အလုံးစုံရုပ်သိမ်းခြင်းတို့ လုပ်ဆောင်ထားသည့်တိုင် ထိုင်ဝမ် အစိုးရက ပြည်ဝင်ခွင့်နှင့် ကွာရန်တင်း စည်းမျဉ်းအချို့ကို ဆက်လက်ထားရှိခဲ့သည်။ သို့ရာတွင် ယခုနှစ်ဇွန်လအတွင်း ပြည်ပမှဝင်ရောက်လာသူများ ကွာရန်တင်းဝင်ရမည့်ရက်ကို ကနဦး ခုနစ်ရက်မှ သုံးရက်သို့ လျှော့ချပေးခဲ့သည်။

COVID-19 ကပ်ရောဂါ ကာလတစ်လျှောက်လုံးတွင် ထိုင်ဝမ်ကျွန်းသည် ၎င်း၏ နယ်နိမိတ်များကို အလုံးစုံနီးပါး ပိတ်ထားခဲ့ပြီး တင်းကျပ်သည့် ကွာရန်တင်းစည်းမျဉ်းများကို ချမှတ်ကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်လျက် ရောဂါကူးစက်သူဦးရေ နည်းပါးအောင် ထိန်းချုပ်ခဲ့သည်။

သို့သော် ထိုင်ဝမ်၏လူဦးရေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိထိရောက်ရောက် ထိုးနှံပေးခဲ့ပြီးနောက်တွင် ထိုင်ဝမ်အစိုးရက ၎င်း၏ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို စတင်ဖယ်ခွာရန် ကြိုးပမ်းလာခဲ့သည်။

ပိုမိုကူးစက်မြန်သည့် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲကြောင့် ယခုနှစ်စမှစတင်ကာ ထိုင်ဝမ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၆.၃ သန်း ရှိခဲ့သော်လည်း ရောဂါကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းကျော်သည် ရောဂါလက္ခဏာ မပြသူများ (သို့မဟုတ်) မပြင်းထန်သူများ ဖြစ်ကာ သေဆုံးမှုနှုန်းမှာလည်း ၀.၁၆ ရာ ခိုင်နှုန်းသာရှိသည့်အတွက် ထိုင်ဝမ်အစိုးရသည် ကန့်သတ်ချက်များကို ပုံစံသစ်ဖြင့် ဖြေလျှော့မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်လူဦးရေ တစ်ရပ်လုံးကို ကိုဗစ်ကာကွယ်ဆေး လုံလုံလောက်လောက် ထိုးနှံပေးထားခြင်းနှင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ထိုင်ဝမ်၏နယ်နိမိတ်များကို ပြန်ဖွင့်ရန် အချိန်တန်ပြီဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ အဖွဲ့ ပြောခွင့်ရ လိုပင်ချန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ ရောက်ရှိလာသူများသည် ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို ခုနစ်ရက်ကြာ စောင့်ကြည့်ရမည်ဖြစ်ကာ ကိုဗစ်စစ်ဆေးမှု ခံယူရန်လိုအပ်မည်ဖြစ်သော်လည်း နိုင်ငံတကာမှ ခရီးသွားများကို ပြန်လည်ဝင်ရောက်ခွင့် ပြုသွားမည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ အောက်တိုဘာ ၁၃ ရက်တွင် ထိုင်ဝမ်၏ နယ်နိမိတ်များကို ပြန်ဖွင့်ရန် စီစဉ်ထားကြောင်း ထိုင်ဝမ်အစိုးရက အစောပိုင်းတွင် ပြောဆိုထားသည်။

ထိုင်ဝမ်သို့ ရောက်ရှိလာသူများအနေဖြင့် PCR စစ်ဆေးမှုခံယူရမည့် လိုအပ်ချက်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ပြုထား သည့် နိုင်ငံအားလုံးမှ လာရောက်သူအားလုံးကို ဗီဇာမလိုဘဲ ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းအပါအဝင် အခြားအစီအမံ များသည်လည်း စက်တင်ဘာ ၂၉ ရက်တွင် စတင်အသက်ဝင်လာခဲ့သည်ဟု သိရသည်။ ကပ်ရောဂါကာလ တစ်လျှောက်လုံးတွင် ထိုင်ဝမ်သားများနှင့် ပြည်ပနိုင်ငံသားများကို ထိုင်ဝမ်မှထွက်ခွာခြင်းနှင့် ပြန်ဝင်ရောက် လာခြင်းတို့ကို တားမြစ်ခဲ့ခြင်း မရှိသော်လည်း သတ်မှတ်ကာလအတိုင်း ကွာရန်တင်းဝင်ရမည် ဖြစ်သည်။